ဓာတ်ပုံ – SAC

By မိုင်းရူပ၊ ရွှေဖီမြေ

၁၀၂၇ စစ်ဆင်ရေးအတွင်း ညီနောင်မဟာမိတ် ၃ ဖွဲ့ထံ လက်လွတ်ခဲ့ရတဲ့ မြို့တွေထဲမှာ တရုတ်ရဲ့အကူအညီနဲ့ ကိုးကန့်တပ် ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် လားရှိုးမြို့ကို စစ်ကောင်စီတပ်က ပြန်ရတာလွှဲပြီး စစ်ရေးနည်းနဲ့ ပြန်တိုက်ယူနိုင်တဲ့ မြို့ မရှိသေးပါဘူး။

တအာင်းတပ် ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် နောင်ချိုမြို့ကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကစလို့ စစ်ကောင်စီက ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ ဒီရက်ပိုင်းအတွင်း နောက်ချိုမြို့နဲ့ ၇ မိုင်အကွာ ကံကြီးရွာကို ရောက်ရှိလာခဲ့ပါတယ်။

နောင်ချိုမြို့ကို ပြန်ရရေးဟာ စစ်ရေးအောင်မြင်မှုထက် ကျဆင်းနေတဲ့ စစ်ကောင်စီတပ်နဲ့ တပ်ထောက်ခံသူတွေရဲ့ စိတ်ဓာတ်ပိုင်းကို ပြန်မြှင့်တင်ဖို့က စစ်ကောင်စီအတွက် ပိုအရေးကြီးပါတယ်။

၄ လကျော် ကြာတဲ့အထိ နောင်ချိုမြို့ကို ပြန်မထိန်းချုပ်နိုင်သေးပေမဲ့ နောင်ချိုပြန် စစ်သည်တွေကို အောင်ပွဲရ စစ်သားတွေဆိုပြီး ဂုဏ်ပြုနေတဲ့ အခမ်းအနားတွေကို စစ်ကောင်စီ ထောက်ခံတဲ့ တယ်လီဂရမ်ချန်နယ်တွေမှာ မကြာခဏဆိုသလို ဝေဝေဆာဆာ ဖော်ပြနေကြပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်က အတင်းအဓမ္မ စုဆောင်းပြီး နောင်ချိုစစ်မြေပြင် အပို့ခံရတဲ့ လူငယ်တွေကိုလည်း စစ်မြေပြင်မှာ ရာထူးတွေ တိုးပေးတဲ့ ဗီဒီယိုဖိုင်တွေကို မကြာခဏဆိုသလို ဝါဒဖြန့် ဖော်ပြကြပါတယ်။

နောင်ချိုမြို့ဟာ စစ်ကောင်စီရဲ့ စစ်တက္ကသိုလ်တွေ တည်ရှိရာ မန္တလေးတိုင်း ပြင်ဦးလွင်မြို့အနီးမှာ တည်ရှိနေတာဖြစ်ပြီး စစ်ကောင်စီအတွက် စစ်ရေးအရ အရေးပါတဲ့နေရာ ဖြစ်ပါတယ်။

ဇွန်လ ၄ ရက်မှာ စစ်ကောင်စီတပ်ရဲ့ စစ်ကြောင်းဟာ TNLA ထိန်းချုပ်ထားတဲ့ နောင်ချိုမြို့နဲ့ ၇ မိုင်အကွာကို ရောက်ရှိလာပြီး မနေ့ ဇွန်လ ၅ ရက်အထိ ကံကြီးရွာထဲမှာ တိုက်ပွဲပြင်းထန်နေတယ်လို့ နောင်ချိုဒေသခံတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

“ကံကြီးရွာထဲ တိုက်ပွဲပြင်းထန်နေတုန်းပဲ။ ရွှေမုဌော၊ ကံကြီးရွာခံတွေ တစ်ရွာလုံးနီးပါး ပြေးကုန်ပြီ”

၁၀၂၇ စစ်ဆင်ရေးအတွင်း တော်လှန်ရေးတပ်တွေရဲ့ ဒရုန်းစစ်ဆင်ရေးကြောင့် အထိနာခဲ့ရတဲ့ စစ်ကောင်စီတပ်ဟာ နောင်ချိုတိုက်ပွဲမှာ ဒရုန်း၊ အဆိပ်ငွေဗုံးနဲ့ လက်နက်ကြီးကို ပိုအသုံးပြုလာတယ်လို့ တောင်းခမ်းတိုက်ပွဲမှာ ပါဝင်တိုက်ခိုက်နေတဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

“ဒီနောက်ပိုင်း လေယာဥ်နဲ့ လာပစ်တာနည်းတယ်။ ဒရုန်း၊ လက်နက်ကြီးနဲ့ အဆိပ်ငွေ့ ပိုသုံးလာတယ်”လို့ ၎င်းက ဆိုပါတယ်။

ပြီးခဲ့တဲ့ မေလအတွင်းမှာပင် နောင်ချိုမြို့နယ်မှာ စစ်ကောင်စီတပ်က လေကြောင်း၊ လက်နက်ကြီး၊ ဒရုန်းနဲ့ အဆိပ်ငွေ့ဗုံး (၁၂၀၀) နီးပါး အသုံးပြုတိုက်ခိုက်ခဲ့တယ်လို့ တအာင်းတပ်က ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီတပ်ဟာ ရွှေမုဌောရွာကနေ နောင်ချိုမြို့ထဲကို လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်နေပြီး ဇွန်လ ၄ ရက် နေ့လယ်ပိုင်းမှာ စစ်တပ်ပစ်ခတ်တဲ့ လက်နက်ကြီးကြောင့် နောင်ချိုမြို့ စျေးရပ်ကွက်ရှိ အမျိုးသမီး ၂ ဦးနဲ့ အမျိုးသား ၂ ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

တိုက်ပွဲဟာ နောင်ချိုမြို့အနီး ရောက်လာတာကြောင့် နောင်ချိုမြို့ခံနဲ့ နောင်ချိုမြို့အနီးရှိ ကံကြီး၊ ရွှေမုဌော၊ ရှောက်ခြုံနဲ့ နောင်လိတ်စတဲ့ကျေးရွာက ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

နောင်ချိုစစ်မျက်နှာမှာ စစ်ကောင်စီနဲ့ TNLA အကြား အပြန်အလှန် ပစ်ခတ်တိုက်ခိုက်မှုတွေ ဆက်ရှိနေပြီး တစ်ဖက်နဲ့တစ်ဖက် စစ်ရေးဗျုဟာအရ ဆောင်ရွက်နေပြီး စစ်ရေးအရ စိတ်ပူစရာမလိုကြောင်း PSLF/TNLA ရဲ့ ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက မနေ့ ဇွန်လ ၅ ရက်မှာ ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

“လူထုတွေကတော့ လုံခြုံရေးကိစ္စ အထူးဂရုစိုက်ဖို့ လိုပါတယ်။ စစ်ရေးအရတော့ စိတ်ပူစရာမလိုဘူးပေါ့။ တစ်ဖက်နဲ့ တစ်ဖက် ကိုယ့်ရဲ့ စစ်ရေးဗျူဟာအတိုင်းပဲ ဆောင်ရွက်နေတာဖြစ်ပါတယ်”

တိုက်ပွဲတွေရပ်ဖို့ တရုတ်နိုင်ငံရဲ့ ဖိအားပေးမှုကြောင့် TNLA ဘက်က စစ်ရေးလှုပ်ရှားမှုတွေကို အကန့်အသတ်နဲ့သာ ဆောင်ရွက်နေရတယ်လို့ နိုင်ငံရေးအကဲခတ်တွေက သုံးသပ်ကြပါတယ်။

စစ်တပ်ဟာ ၎င်းတို့ လက်လွှတ်ထားရတဲ့ နောင်ချိုမြို့ကို ပြန်ရဖို့ တောင်းခမ်းနဲ့ အုမ္မတီးရွာဘက်ကနေ အင်အားအများအပြား အသုံးပြုပြီး ထိုးစစ်ဆင် တိုက်ခိုက်နေဖြစ်တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် နှစ်ကုန်ပိုင်းမှာ TNLA က စစ်ကောင်စီရဲ့ အမြှောက်တပ်တွေတည်ရှိတဲ့ တောင်းခမ်းရွာအထိ ထိုးစစ်ဆင်နိုင်ခဲ့ပေမဲ့ ၂၀၂၅ ခုနှစ် နှစ်ဆန်းပိုင်းကစလို့ စစ်တပ်ရဲ့ ထိုးစစ်ကြောင့် နောင်ချိုမြို့အနီးအထိ တပ်ဆုတ်လာရပါတယ်။

နောင်ချိုမြို့ကို ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဇူလိုင်လ ၁၀ ရက်မှာ TNLA နဲ့ ပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာ ဖြစ်ပါတယ်။

တအာင်းတပ်ပါဝင်တဲ့ ညီနောင်မဟာမိတ် ၃ ဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်အတွင်း ရှမ်းမြောက်၊ မန္တလေးတိုင်းနဲ့ ရခိုင်ပြည်နယ်တွေမှာ မြို့ပေါင်း ၄၀ နီးပါးကို စစ်ကောင်စီတပ်က လက်လွတ်ထားရတာ ဖြစ်ပါတယ်။

၁၀၂၇ စစ်ဆင်ရေးအတွင်း မြို့ပေါင်း ၄၀ နီးပါးအထိ လက်လွတ်ခဲ့ရတာကြောင့် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို တပ်ချုပ်ရာထူးကနေ ဆင်းပေးဖို့ စစ်တပ်ထောက်ခံသူတွေကြားမှာ ဝေဖန်ပြောဆိုတဲ့အထိ ဖြစ်လာခဲ့ပါတယ်။

နောင်ချိုစစ်မျက်နှာဟာ ပြိုကွဲနေတဲ့ စစ်ကောင်စီတပ်နဲ့ စစ်ကောင်စီထောက်ခံသူတွေရဲ့ စိတ်ဓာတ်ပိုင်းကို မြှင့်တင်ပေးတဲ့ စိတ်ဓာတ်စစ်ဆင်ရေး ဖြစ်လာနိုင်မလားဆိုတာ စောင့်ကြည်ရမှာ ဖြစ်ကြောင်းပါ။

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

အသက်နဲ့ခန္ဓာ ဝမ်းတစ်ထွာ

အသက်နဲ့ ခန္ဓာကိုယ် ရင်းပြီး ဝင်ငွေရကြဖို့ အလုပ်လုပ်ကိုင်ကြတဲ့ အမျိုးသမီးငယ်တွေကို နယ်စပ်မြို့ဖြစ်တဲ့ တရုတ်-မြန်မာနယ်စပ် မူဆယ်မြိုနဲ့ ဝပြည်နယ် မိုင်းပေါက်၊ ပန်ဆိုင်းနဲ့ မိုင်းလား စတဲ့မြိုနယ်‌တွေမှာ အများစု တွေ့နေရပါတယ်။

ကျောက်မဲမြို့အနီး ရောက်လာတဲ့ အပြင်းအထန်ဆုံး တိုက်ပွဲ

တအာင်းတပ်မတော် – PSLF/TNLA ထိန်းချုပ်ထားတဲ့ ကျောက်မဲမြို့ကို ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့ စစ်ကောင်စီတပ်ဟာ ဒီနေ့ စက်တင်ဘာ ၂၉ ရက်အထိ ကျောက်မဲမြို့နဲ့ အနီးဆုံးရှိတဲ့ ခိုမုန်းကျေးရွာအနီးအထိ ရောက်ရှိလာပြီလို့ သိရပါတယ်။

ကျောက်မဲထိုးစစ်မှာ အသက်(၁၆)နှစ်အရွယ် သမီးဖြစ်သူကို အဓမ္မပြုကျင့်၊ သားအမိ ၃ ဦးလုံး ပစ်သတ်ခဲ့တဲ့ စစ်ကောင်စီတပ်

ကျောက်မဲမြို့နယ် နားအိုက်ခန့်ရွာအနီးရှိ လယ်ယာမှာရှိတဲ့ တဲအိမ်ထဲမှာ ပစ်သတ်ခံရပြီး သေဆုံးနေတဲ့ အသက် ၁၆ နှစ်အရွယ်ရှိ မနန်းလို့ အမည်လွှဲထားတဲ့ အမျိုးသမီးငယ်ရဲ့ ခန္ဓာကိုယ်အောက်ပိုင်းမှာ အဝတ်ဗလာနဲ့ ဖြစ်နေပါတယ်။

လူပေါင်း ၉၀ ကျော် သွေးစွန်းခဲ့တဲ့ နေ့

စစ်ကောင်စီရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် လူထုတွေ ပူဆွေးသောကဖြစ်နေရချိန် စစ်ကောင်စီ ထောက်ခံသူတွေကတော့ “သူပုန်” တွေ ထိန်းချုပ်ထားတဲ့မြို့မှာ လေယာဥ်နဲ့ သီချင်းဖွင့်ပြသွားတယ်ဆိုပြီး ဂုဏ်ယူဝင့်ကြွားစွာ အောင်ပွဲခံနေကြပါတယ်။