ပို့လဘား၊ ဇွန်လ ၂ ရက်၊ ညောင်ရွှေ
ရှမ်းတောင် ညောင်ရွှေမြို့နယ်ထဲ စစ်ကောင်စီတပ်နဲ့ စစ်ကောင်စီ လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ်- PNO က စစ်ကြောင်း ထိုးလာပြီး ဒေသခံတွေရဲ့နေအိမ်ကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ အင်းလေးဒေသခံတစ်ဦးက ပြောပါတယ်။
ဒီနေ့ ဇွန်လ ၂ ရက် ညနေ ၄ နာရီခွဲမှာ ညောင်ရွှေမြို့နယ် ရေပူနဲ့ ဘုရားတောင်ရွာက ဒေသခံတွေရဲ့ နေအိမ်ကို မီးရှို့ဖျက်ဆီးခဲ့တာပဲ ဖြစ်ပါတယ်။
အင်းလေးဒေသခံတစ်ဦးက “PNO နဲ့ စကစတွေ ပူးပေါင်းပြီး စစ်ကြောင်း ထိုးလာတာပါ။ နေအိမ် ၄ လုံးထက်မနည်း မီးရှို့ဖျက်ဆီးခဲ့တယ်။ မနက် ၈ နာရီလောက်ကစပြီး လက်နက်ကြီးတွေနဲ့ တစ်နေကုန် ပစ်နေတာ။ ည ၈ နာရီလောက်အထိပဲ” လို့ ပြောပါတယ်။
ဒါ့အပြင် မနက် ၈ နာရီမှာလည်း ရေပူရွာကို စစ်တပ်နဲ့ PNO က အင်အား ၁ ထောင်ခန့်နဲ့ စစ်ကြောင်း ထိုးလာပြီး အမှတ်(၁၀၀၉)တပ်ရင်း အင်းလေးပြည်သူ့ကာကွယ်ရေးတပ်နဲ့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။
စစ်တပ်နဲ့ PNO ရဲ့ ယုတ်မာတဲ့ လုပ်ရပ်ကို တပ်ရင်းအနေနဲ့ ပြင်းထန်စွာ ရှုတ်ချကြောင်း အင်းလေးပြည်သူ့ကာကွယ်ရေး အမှတ်(၁၀၀၉)တပ်ရင်းက အသိပေး ထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ မေလ ၈ ရက်ကလည်း ညောင်ရွှေမြို့နယ် စန့်စွဲကျေးရွာဘက် စစ်တပ်က စစ်ကြောင်း ထိုးလာပြီး ကျေးရွာထဲက ဒေသခံရဲ့နေအိမ်တွေကိုလည်း မီးရှို့ဖျက်ဆီးခဲ့ပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။