မိုင်းရူပ၊ ဇွန်လ ၁ ရက်၊ နမ့်ဖတ်ကာ
ဒီရက်ပိုင်းမှာ မိုး အဆက်မပြတ်ရွာသွန်းမှုကြောင့် ရှမ်းမြောက် ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာကျေးရွာနဲ့ နမ့်ခမ်းမြို့နယ်ကို ဆက်သွယ်ထားတဲ့ လမ်းပိုင်း ဆိုးရွားစွာ ပျက်စီးနေပါတယ်။
ပြီးခဲ့တဲ့ မေလ တတိယအပတ်ကစပြီး နေ့စဥ်လိုလို မိုးအဆက်အပြတ်ရွာသွန်းနေတာကြောင့် နမ့်ဖတ်ကာနဲ့ နမ့်ခမ်းကြားက လမ်း ဆိုးရွားစွာ ပျက်စီးနေပြီး ဒီနေ့ ဇွန်လ ၁ ရက်မှာ ကုန်တင်ကား ဆယ်နဲ့ချီ ပိတ်မိနေတာလည်း တွေ့ရပါတယ်။
ပျက်စီးသွားတဲ့ နေရာတွေကို တအာင်းတပ်မတော် PSLF/TNLA က ပြန်လည်ပြုပြင်နေတာလည်း တွေ့ရပါတယ်။
၁၀၂၇ စစ်ဆင်ရေး စတင်ပြီးနောက် ညီနောင်မဟာမိတ် ၃ ဖွဲ့ ထိန်းချုပ်ထားတဲ့ တရုတ်-မြန်မာနယ်စပ် ၁၀၅ မိုင်နဲ့ စစ်ကောင်စီထိန်းချုပ်ထားတဲ့ မူဆယ်မြို့ လမ်းပိုင်းကို စစ်ကောင်စီက မကြာခဏ ပိတ်ပင်နေတာကြောင့် နမ့်ဖတ်ကာ-နမ့်ခမ်း- မူဆယ်လမ်းကြောင်းကိုသာ အဓိက အသုံးပြုနေကြတာ ဖြစ်ပါတယ်။
စစ်ကောင်စီရဲ့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ ဒီနေ့ ဇွန်လ ၁ ရက် ညနေပိုင်း ခန့်မှန်းချက်အရ မနက်ဖြန် ဇွန်လ ၂ ရက် မွန်းတည့်ချိန်အထိ မကွေး၊ စကိုင်းတိုင်း၊ ကယားနဲ့ ရှမ်းမြောက်မှာ နေရာစိပ်စိပ်မိုးရွာနိုင်ပြီး ကျန်နေရာတွေမှာ အနှံ့အပြား မိုးထစ်ချုန်း ရွာနိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။