ပျားကြီး၊ မေ ၃၁ ရက်၊ မန္တလေး
မန္တလေးမြို့ပေါ်က ငလျင်ဒဏ်သင့် ဖြိုလက်စ အထပ်မြင့်အဆောက်အဦးတစ်ခုဟာ မိုးရွာသွန်းမှုကြောင့် ပြိုကျခဲ့ပြီး အလုပ်သမားတစ်ဦး သေဆုံးခဲ့တယ်လို့ မျက်မြင်တွေ့သူတွေက ပြောပါတယ်။
ဒီနေ့ မေလ ၃၁ ရက် ညနေပိုင်းက ချမ်းအေးသာဇံမြို့နယ်၊ ၂၆ လမ်း၊ လမ်း ၆၀ ထောင့်က အထပ်မြင့်အဆောက်အဦးတစ်ခု ပြိုကျခဲ့တာဖြစ်ပြီး ထိခိုက်ဒဏ်ရာရသူတစ်ဦးလည်း ရှိခဲ့ပါတယ်။
“သူတို့က ရန်ကုန်က လာဖျက်တာ။ မနေ့ညကတင် သူတို့သားအဖ ပြောနေကြတာ။ ဒီအဆောက်အဦးက အရမ်းအန္တရာယ်ရှိတယ်ဆိုပြီး။ အခုပြိုကျတော့ ပြေးကြသေးတယ်။ မလွတ်တာ။ ကျန်တဲ့တစ်ယောက်ကတော့ မစိုးရိမ်ရဘူး”လို့ မျက်မြင်တွေ့သူ အသက် ၅၅ နှစ်အရွယ် ဒေသခံတစ်ဦးက ပြောပါတယ်။
အဆောက်အဦးပြိုကျမှုကြောင့် အသက်ဆုံးရှုံးခဲ့ရသူဟာ အသက် ၁၈ နှစ် မပြည့်သေးသူတစ်ဦးဖြစ်သလို ရန်ကုန်မြို့ကနေ လာရောက်ပြီး အဆောက်အဦးဖြိုဖျက်မှုတွေ လုပ်ဆောင်နေတာဖြစ်တယ်လို့ သိရပါတယ်။
မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်း စစ်ကိုင်းငလျင်ကြောင့် မန္တလေးမြို့ပေါ်မှာ အဆောက်အဦးပေါင်း ၄ ထောင်ကျော် ပျက်စီးခဲ့ပြီး အဆောက်အဦး ၁ ထောင်ကျော်ဟာလည်း ပြိုကျပျက်စီးမယ့် အန္တရာယ်တွေရှိနေတာဖြစ်ပါတယ်။
အဲဒီအပြင် မေလနှောင်းပိုင်းမှာ မိုးသည်းထန်စွာ ရွာသွန်းမှုတွေ ရှိလာခဲ့တာကြောင့် ငလျင်ဒဏ်သင့် အဆောက်အဦး ပြိုကျမှုတွေ ဆက်တိုက်ရှိလာတာ တွေ့ရပါတယ်။
မနေ့ မေလ ၃၀ ရက် နေ့လည်ပိုင်းမှာလည်း ချမ်းအေးသာဇံမြို့နယ်၊ ၂၆ လမ်း၊ ၈၆ လမ်းနဲ့ ၈၇ လမ်းကြားမှာရှိတဲ့ ငလျင်ဒဏ်သင့် ဖြိုလက်စ အဆောက်အဦတစ်ခုလည်း ပြိုကျခဲ့ပြီး လူ ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။