ခိုင်လေး၊ မေလ ၂၅ ရက်၊ မိုင်းပေါက်
”ဝ”ပြည် သွေးစည်းညီညွှတ်ရေး တပ်မတော်- UWSA ထိန်းချုပ်ထားတဲ့ မိုင်းပေါက်မြို့မှာ မိန်းကလေးငယ်ကို အဓမ္မပြုကျင့်မှု ကျူးလွန်သူတစ်ဦးနဲ့ လူသတ်မှု ကျူးလွန်သူတစ်ဦးကို UWSA က ပြီးခဲ့တဲ့ မေလ ၂၂ ရက်က သေဒဏ် ချမှတ်ခဲ့ပါတယ်။
မိန်းကလေးငယ်ကို အဓမ္မပြုကျင့်မှုနဲ့ ဆေးကြောင်ပြီး လူသတ်တဲ့အမှု ကျူးလွန်ခဲ့သူနှစ်ဦးကို တရားစွဲခဲ့ပြီးနောက် အမှုနှစ်ခုရဲ့ စီရင်ချက်ကို တရားရုံးကနေတဆင့် လူသိရှင်ကြား ကြေညာခဲ့ပြီး စီရင်ချက် ချမှတ်ခဲ့တယ်လို့ အခြေအနေ သိရှိသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
”ပထမတစ်ယောက်က မုဒိမ်းမှု ကျူးလွန်တာပေါ့။ နောက်တစ်ယောက် မူးယစ်ဆေးသုံးဖို့ သူ့သူငယ်ချင်းဆီတောင်းတာ သူ့သူငယ်ချင်းက မပေးဘူး။ သူကလည်း မပေးရကောင်းလားဆိုပြီးတော့ စိတ်ဆိုးတာ ဆေးအရမ်းတောင့်တနေတဲ့အချိန်ဆိုတော့ ဆေးကြောင်ပြီး သတ်မိတာပေါ့။ အဲနှစ်ယောက်လုံးကို တရားရုံးက သေဒဏ် ချမှတ်လိုက်တယ်”
ပြစ်မှုကျူးလွန်သူရဲ့လုပ်ရပ်ဟာ သေဆုံးသူ ကိုယ်ရေးကိုယ်တာနဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို ပြင်းထန်စွာ ထိခိုက်စေပြီး ဆိုးရွားတဲ့ လူမှုရေးဆိုင်ရာ သက်ရောက်မှု ဖြစ်စေနိုင်တာကြောင့် တရားလိုရှေ့နေက တရားစွဲဆိုပြီးနောက် တရားရုံးက တရားခံကို သေဒဏ် ချမှတ်ခဲ့တယ်လို့ ဆိုပါတယ်။
အခုလို တရားစီရင်တဲ့ အခမ်းအနား ကျင်းပရတဲ့ အဓိက ရည်ရွယ်ချက်က ရာဇဝတ်သားတွေကို ပြင်းထန်စွာ အပြစ်ပေးရုံသာမက “ဥပဒေကို ဖောက်ဖျက်၍ မရနိုင်သလို မကောင်းမှုကိုလည်း အပြစ်ပေးရမည်”ဆိုတဲ့ ဆိုင်းဘုတ်နဲ့အညီ ဒီလုပ်ဆောင်ချက်ဟာ ဒေသခံနဲ့ လူ့အဖွဲ့အစည်းတွေဆီ ရောက်ရှိသွားဖို့ ရည်ရွယ်တယ်လို့ UWSA က ထုတ်ပြန်ထားပါတယ်။
ဒေသခံတွေအနေနဲ့ သတိပေးချက်တစ်ရပ်အဖြစ် ခံယူကာ ဥပဒေနဲ့ စည်းကမ်းတွေကို သတိရှိရှိ လိုက်နာပြီး မိမိအသက်ကို တန်ဖိုးထား မြတ်နိုးကာ မူးယစ်ဆေးဝါးနဲ့ အခြားမကောင်းတဲ့ သွေးဆောင်မှုကနေ ကင်းဝေးကြဖို့ တိုက်တွန်းကြောင်း ဖော်ပြထားပါတယ်။
ပြီးခဲ့တဲ့ မေလ ၁၄ ရက်ကလည်း တခြားလက်နက်ကိုင်တွေဆီ လက်နက် ခိုးရောင်းနေတဲ့ UWSA တပ်သားထဲက ထောက်ပို့တပ်သားတစ်ဦးကို UWSA က သေဒဏ် ချမှတ်ခဲ့ပါတယ်။
တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ထဲ သေဒဏ်စနစ်ကို ကျင့်သုံးတာက UWSA အပြင် ၁၀၂၇ စစ်ဆင်ရေးထဲ မြို့သိမ်းတိုက်ပွဲ ဆင်နွှဲလာတဲ့ ကိုးကန့်တပ်လည်း ကျင့်သုံးနေပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။