မိုင်းရူပ၊ မေလ ၂၅ ရက်၊ ပင်လောင်း
ရှမ်းတောင် ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာမှာ စစ်ကောင်စီတပ်၊ ပအိုဝ်းပြည်သူ့စစ်- PNO နဲ့ ကရင်နီ တော်လှန်ရေးတပ်တို့ တိုက်ပွဲကြောင့် ဒေသခံထောင်နဲ့ချီ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက ရွှေဖီမြေကို ပြောပါတယ်။
ပြီးခဲ့တဲ့ မေလတတိယအပတ်ကစပြီး ဆောင်းပြောင်းရွာမှာ စစ်တပ်၊ PNO နဲ့ ကရင်နီ တော်လှန်ရေးတပ်တို့အကြား တိုက်ပွဲ စတင်ဖြစ်ပွားခဲ့တာဖြစ်ပြီး ဆောင်းပြောင်းရွာခံအားလုံးနီးပါးဟာ ပင်လောင်းမြို့ပေါ်နဲ့ နီးစပ်ရာ ကျေးရွာတွေမှာ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဆိုပါတယ်။
“တိုက်ပွဲက ဖြစ်လိုက် နားလိုက် အဲလိုဖြစ်နေတာ။ ဆောင်းပြောင်းရွာခံအကုန် ထွက်ပြေးနေရတာ။ ထောင်နဲ့ချီ ရှိမယ်။ တချို့တော့ သူတို့နဲ့နီးစပ်ရာ ရှောင်ကြတာ ရှိတယ်။ မြို့ပေါ်မှာလည်း လာရှောင်တာ ရှိတယ်” လို့ ပင်လောင်းဒေသခံ အမျိုးသမီးတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
ဆောင်းပြောင်းတိုက်ပွဲမှာ ကရင်နီ အမျိုးသားများကာကွယ်ရေးတပ်- KNDF ရဲ့ တပ်ဖွဲ့ဝင်တွေကို ဒရုန်း အသုံးပြုပြီး တိုက်ခိုက်ခဲ့တဲ့ ရုပ်သံတွေကို ပြီးခဲ့တဲ့ မေလ ၂၀ ရက်မှာ ပအိုဝ်းပြည်သူ့စစ်ဘက်က ထုတ်ပြန်ထားပါတယ်။
ဆောင်းပြောင်းရွာမှာ အိမ်ခြေ ၈၀၀ ကျော်ရှိပြီး ဆောင်းပြောင်းရွာရှိ စစ်တပ်နဲ့ PNO စခန်းကို တော်လှန်ရေးတပ်တွေက စတင်တိုက်ခိုက်ခဲ့ရာကနေ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်က လေကြောင်းနဲ့ ဗုံးကြဲတာတွေ ပြုလုပ်နေပါတယ်။
ဆောင်းပြောင်းရွာ တိုက်ပွဲနဲ့ ပတ်သက်ပြီး စစ်ကောင်စီရော ကရင်နီ တော်လှန်ရေးတပ်ဘက်က တစုံတရာ ထုတ်ပြန်ထားတာ မရှိသေးပါဘူး။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။