ယာရူစိင်၊ မေလ ၂၂ ရက်၊ ရသေ့တောင်
ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် ချိန်ခါလီကျေးရွာမှာ စစ်ရှောင် အမျိုးသမီးငယ် ၄ ဦးက ရေနစ် သေဆုံးသွားခဲ့ပြီး ချိန်ခါလီရွာခံ မဟုတ်တာကြောင့် မီးသဂြိုလ်ခွင့်မပေးဘူးလို့ ဖြစ်စဉ်သိရှိသူ တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
မနေ့ မေလ ၂၁ ရက် ညနေ ၄ နာရီအချိန်မှာ အမျိုးသမီးငယ် ၄ ဦးဟာ ရေချိုးဖို့ ရေမြောင်းထဲကို ရေဆင်းချိုးရာကနေ ရေနစ်သေဆုံးသွားခဲ့တာလို့ ပြောပါတယ်။
“စစ်တွေကနေပြီး စစ်ရှောင်လာတာပါ။ အဲရွာမှာရေချိုးရတာက မြောင်းတွေမှာ ရေချိုးရတာပါ။ အခုသေတော့ သူတို့ရွာသားတွေက အဲအမျိုးသမီး ၄ ယောက်ကို သဂြိုလ်ခွင့်မပေးတဲ့အပြင် အလောင်းကိုလည်း အခေါင်းထဲကို မထည့်ခိုင်းပါဘူး။ ဒီနေ့ မေလ ၂၂ ရက်အထိ အလောင်းက အဲတိုင်းရှိနေတုန်းပါ”လို့ အထက်ပါ သတင်းအရင်းမြစ်က ဆက်ပြောပါတယ်။
ရေနစ်သေဆုံးသွားတဲ့ အမျိုးသမီးငယ် ၄ ဦးဟာ ရွာခံမဟုတ်ဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ ကျေးရွာရဲ့ သင်္ချိုင်းကုန်းမှာ မီးသဂြိုလ်ခွင့်မပေးဘဲ အဝတ်နဲ့ပတ်ပြီး ရေထဲမျောရမယ်လို့ ရွာခံတွေက ပြောပါတယ်။
ရေနစ်သေဆုံးသွားခဲ့ရတဲ့ အမျိုးသမီးတွေက အသက် ၁၅ နှစ်အရွယ် မဌေးဌေးဝင်း၊ အသက် ၁၆ နှစ်အရွယ် မငြိမ်းငြိမ်းလှိုင်၊ အသက် ၂၀ နှစ်အရွယ် မဇိတ်မချေနဲ့ အသက် ၂၃ နှစ်အရွယ် မဌေးဝင်းဦး တို့ဘဲ ဖြစ်ပါတယ်။
အဲဒီအမျိုးသမီးငယ်တွေဟာ စစ်တွေမြို့နယ် သင်းပုန်းတန်းကျေးရွာကနေ စစ်ရှောင်လာကြသူတွေ ဖြစ်ပါတယ်။
ရွာခံမဟုတ်တာကြောင့် သဂြိုလ်ခွင့်မပေးတဲ့ အယူဝါဒ ဓလေ့တွေကို ပပျောက်ဖို့အတွက် အသိပေးပညာဟောပြောတာတွေကို လုပ်ဆောင်ပေးဖို့နဲ့ အခုလိုလုပ်ရပ်မျိုးကိုလည်း အရေးယူဆောင်ရွက်ပေးဖို့ မိသားစုအသိုင်းအဝိုင်းတွေက အာရက္ခပြည်သူ့အစိုးရကိုလည်း တိုက်တွန်းတောင်းဆိုထားပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။