လွေးဇွန်မိုး၊ မေလ ၂၂ ရက်၊ မိုင်းကိုင်

ရှမ်းတောင် မိုင်းကိုင်မြို့နယ် ခေးအုံအွေ့ကျေးရွာအုပ်စု ပန်မွန်းရွာက ရှမ်းပြည်တိုးတက်ရေးပါတီ- SSPP ရဲ့တပ်သားတစ်ဦး ထွက်ပြေးသွားလို့ဆိုပြီး အဲပန်မွန်းရွာထဲက အသက်မပြည့်သေးတဲ့ အမျိုးသမီးငယ် ၂ ဦးကို SSPP တပ်က ဖမ်းဆီးသွားခဲ့တယ်လို့ ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

ပြီးခဲ့တဲ့ မေလ ၁၉ ရက် မနက် ၇ နာရီ ဝန်းကျင်မှာ ပလောင်လူမျိုးတွေ ဖြစ်ကြတဲ့ အသက် ၁၂ နှစ်အရွယ် လွေးအေးထွေးနဲ့ အသက် ၁၃ နှစ်အရွယ် လွေးအေးအွန်တို့ဟာ လက်ဖက်ခြံကို သွားနေစဥ် SSPP တပ်က ရွာထဲဝင်လာပြီး ဖမ်းဆီးသွားခဲ့တာလို့ ဖြစ်စဥ်သိရှိသူ ဒေသခံတစ်ဦးက ပြောပါတယ်။

“ရွာထဲမှာ ဖမ်းသွားတာ။ ကလေး ၂ ယောက်က လက်ဖက်သွားခူးမလို့ စစ်သားလည်းလာပြီဆိုတော့ သူတို့နဲ့သွားတိုးတော့ ဖမ်းသွားတာ။ ရွာက (SSPP ရဲ့) တပ်သားတစ်ယောက် ထွက်ပြေးသွားလို့လေ အဲကြောင့်မို့ ဖမ်းတာတဲ့။ အဲတပ်သား ထွက်ပြေးတာ လဝက်လောက်ပဲ ရှိအုံးမယ်ထင်တယ်”

ဖမ်းဆီးသွားတဲ့ ကလေးတွေကို ပြန်လွှတ်ပေးဖို့ ရွာသူကြီးနဲ့ ကလေးမိဘတွေက SSPP ထံ သွားရောက်တောင်းဆိုခဲ့ပေမဲ့ လက်ရှိအချိန်အထိ ပြန်လွှတ်ပေးတာ မရှိပဲ အမျိုးသမီးငယ် ၂ ဦးကို လွယ်ခူးရွာရှိ SSPP တပ်စခန်းမှာ ဖမ်းဆီးထားဆဲဖြစ်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ထွက်ပြေးသွားတဲ့ တပ်သားအတွက် လူအစားထိုးပြန်ပို့ပေးနိုင်မှသာ အမျိုးသမီးငယ် ၂ ဦးကို ပြန်လွှတ်ပေးမယ်လို့ အထက်ပါ ဒေသခံတစ်ဦးက ဆက်ပြောပါတယ်။

“လူအသစ်ပြန်ဝယ်ထည့်ပြီးမှ အဲကလေး ၂ ယောက်ကို ပြန်လွှတ်ပေးမယ်တဲ့။ လူသစ်ပြန်ဝယ်ထည့်ဖို့က ပိုက်ဆံစုရအုံးမှာ။ တစ်အိမ်ကို ပိုက်ဆံဘယ်လောက်ကျမလဲ မသိဘူး။ ရွာကလူတွေလည်း အဆင်မပြေကြတော့ ပိုက်ဆံက မရသေးဘူး”

ထွက်ပြေးသွားတဲ့ တပ်သားဟာ SSPP တပ်ထဲဝင်တာ ၂ နှစ်ဝန်းကျင်ရှိပြီး လက်ရှိမှာတော့ ရွာသူရွာသားတွေက SSPP တပ်ကို တပ်သားသစ်ပြန်ပေးနိုင်ဖို့ လူငှားပေးဖို့စီစဉ်နေပြီး လူတစ်ဦးကို သိန်း ၇၀ ကျပ်နဲ့ ငှားရမယ်လို့ ဆိုပါတယ်။

အလားတူ လုံစံ၊ နောင်တော၊ ကုန်းပေါင်း၊ လွဲရွဲ၊ မောက်လျံ၊ နောင်စံဖူး၊ တုံလော၊ ပန်ကေတု၊ ဟမ်းငိုင်း၊ ဟိုခဲ စတဲ့ရွာတွေမှာ ပြီးခဲ့တဲ့နှစ်တွေက တစ်ရွာကို လူတစ်ဦးသာ SSPP တပ်ထဲသွားရပေမဲ့ ပြီးခဲ့တဲ့ ဇန်နဝါရီလကစပြီး SSPP တပ်က တစ်အိမ်ကို တစ်ဦးနှုန်း စစ်မှုထမ်းဖို့ ကောက်ခံနေတယ်လို့ ဒေသခံတွေကပြောပါတယ်။

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။