မြတ်နိုး၊ မေ ၂၁၊ ဗန်းမော်
ရွှေကူမှာ မနေ့ မေလ ၂၀ ရက်နေ့က အရေးပေါ် ဆင်းသက်ခဲ့ရတဲ့ ရဟတ်ယာဉ် ဒီကနေ့ မေလ ၂၁ ရက်နေ့ မွန်းလွဲပိုင်း KIA နဲ့ ပူးပေါင်း တော်လှန်ရေး တပ်ဖွဲ့တွေက ပစ်ခတ် ဖောက်ခွဲ ဖျက်ဆီးလိုက်ကြောင်း ရှေ့တန်းနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
“KIA နဲ့ ပူးပေါင်း တော်လှန်ရေးတပ်ဖွဲ့တွေ Drop bomb နဲ့ ၄ ခါ ပစ်ထည့်လိုက်တယ်။ လက်နက်ကြီးကျည် ၄ လုံးစလုံး တည့်တည့်ကျတယ်။ ရဟတ်ယာဉ်နဲ့ ကွက်တိ ထိမှန်ပြီး ပေါက်ကွဲ ပျက်စီးသွားပြီ။” လို့ ရှေ့တန်းနဲ့ နီးစပ်သူ တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
မနေ့က ရွှေကူ ခလရ – ၅၆ထဲမှာ အရေးပေါ် ဆင်းသက်ထားတဲ့ Mi – 17 ရဟတ်ယာဉ်ကို ဒီနေ့ မေလ ၂၁ ရက်နေ့ မွန်းလွဲ ၁ နာရီခွဲခန့်မှာ KIA နဲ့ ပူးပေါင်း တော်လှန်ရေး တပ်ဖွဲ့က Drop bomb နဲ့ ဖောက်ခွဲဖျက်ဆီးနိုင်ခဲ့တာဖြစ်တယ်လို့ သူက ဆိုပါတယ်။
“ရဟတ်ယာဉ်ရော ရဟတ်ယာဉ်အတွက် လုံခြုံရေးချထားထား စစ်ကား ၄ စီးပါ လက်နက်ကြီး ထိမှန် မီးလောင် ပျက်စီး သွားတယ်” လို့ နောက်ထပ် သတင်းရင်းမြစ် တစ်ဦးက ပြောပါတယ်။
အဲဒီ ရဟတ်ယာဉ်က မနေ့ မေလ ၂၀ ရက်နေ့ ဗန်းမော်ကို စစ်ကူလာပို့တဲ့ ရဟတ်ယာဉ် ၃ စီး ထဲက ဒုတိယ ရဟတ်ယာဉ်ဖြစ်ပြီး ရွှေကူ ခလရ – ၅၆ မှာ အရေးပေါ်ဆင်းသက်သွားခဲ့တာ ဖြစ်ပါတယ်။
မနေ့ မေလ ၂၀ ရက်နေ့က ဗန်းမော်စကခ – ၂၁ အနီး စစ်ကောင်စီရဲ့ အင်းအားနဲ့ ထောက်ပို့ပစ္စည်းတွေ လာပို့တဲ့ ရဟတ်ယာဉ် တစ်စီးကိုလည်း KIA နဲ့ ပူးပေါင်း တော်လှန်ရေးတပ်ဖွဲ့တွေ ဝိုင်းဝန်းပစ်ချခဲ့လို့ ရွှေကူမြိုနယ် စီငန်းရွာ အနီးမှာ ပျက်ကျ မီးလောင်ပျက်စီးသွားကာ ရဟတ်ယာဉ်ပေါ် ပါလာသူ အားလုံး သေဆုံးသွားခဲ့ပါတယ်။
အဲဒီ ရဟတ်ယာဉ်ပျက်ကျမှုကို စစ်ကောင်စီဘက်ကလည်း အတည်ပြုထားပြီး ဒါပေမယ့် စက်ချို့ယွင်းပြီး ပျက်ကျခဲ့တယ်လို့သာ ထုတ်ပြန်ထားပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။