ခိုင်လေး၊ မေလ ၂၁ ရက်၊ ချင်းပြည်နယ်
ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNO/CNDF)က လာမယ့် ဇွန်လ ၉ ရက်နေ့ကနေ သြဂုတ် ၉ ရက်နေ့အထိ (၂) လကြာ စနိုက်ပါသင်တန်းကို (CNO/CNDF) ရဲ့ စိုးမိုးနယ်မြေတစ်နေရာမှာ ဖွင့်လှစ်သွားမှာဖြစ်တယ်လို့ CNO/ CNDF က ဒီနေ့ မေလ ၂၁ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။
အခု ဖွင့်လှစ်မယ့် စနိုက်ပါ သင်တန်းကို ချင်းပြည်မှာရှိတဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ အပြင် အခြားဒေသမှာရှိတဲ့ တော်လှန်ရေးတပ်ဖွဲ့တွေလည်း လာရောက်သင်ယူလေ့လာနိုင်တယ်လို့ CNO/ CNDF ရဲ့ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတင်မီထွဋ်က ရွှေဖီမြေကို ပြောပါတယ်။
”ကျနော်တို့ သတ်မှတ်ထားတာကတော့ အဓိက ကျနော်တို့က အသက် ကန့်သတ်ထားတယ် ၁၈ နှစ်အထက်ပြည့်ပြီးတဲ့သူတွေ၊ ကျန်းမာတဲ့ သူဖြစ်ရမယ်။ ဘာလို့လဲဆိုရင် ရဲဘော်တစ်ယောက် ဖြစ်ဖို့ဆို ခန္ဓာကိုယ်ပိုင်းလည်း ကျန်းကျန်းမာမာရှိနေရမယ်။နောက်ပြီး ဒီတော်လှန်ရေးအတွက် တကယ်ပေးဆက်မယ့်သူတွေဖြစ်ရပါမယ်”
တော်လှန်ရေးတပ်သားတွေထဲက အခြေခံ စစ်သင်တန်းတက်ရောက်ဖူးသူတွေ အပြင် အခြေခံ စစ်သင်တန်းမတက်ရောက်ဖူးသူတွေလည်း စနိုက်ပါ သင်တန်းကို လာရောက်သင်ယူ လို့ရကြောင်း သူက ဆက်ပြောပါတယ်။
”သင်တန်းပေးမယ့် သူကတော့ နိုင်ငံခြားကဖြစ်ပါတယ်။ ARF လို့ခေါ်တဲ့ အဖွဲ့ကနေပြီးတော့ သင်တန်းပေးမှာပါ”
အဆိုပါ သင်တန်းကို နိုင်ငံတကာမှ ဝါရင့် ဆရာတွေနဲ့ သင်ကြားပြသပေးသွားမှာ ဖြစ်ပြီး ချင်းညီနောင်က ဖွင့်လှစ်မယ့် အဲစနိုက်ပါသင်တန်းကို တက်ရောက်လိုသူတွေ အနေနဲ့ +918798798312 Signal သို့ ဆက်သွယ်နိုင်တယ်လို့ ဆိုထားပါတယ်။
ချင်းညီနောင်တပ်ဖွဲ့ဟာ ချင်းပြည်နယ်အတွင်းက ကျင်ဒွေး၊ မတူပီ၊ မင်းတပ်၊ ကန်ပက်လက်မြို့နဲ့ ဖလမ်းမြို့တွေကို တိုက်ခိုက်သိမ်းပိုက်ထားတဲ့ အဖွဲ့ဖြစ်ပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။