ပို့လဘား၊ မေလ ၁၉ ရက်၊ ၁၀၅ မိုင်
ရှမ်းမြောက် မူဆယ် ၁၀၅ မိုင်မှာ မိုင်းကို လက်နဲ့ ဖိမိရာကနေ ပေါက်ကွဲလို့ အမျိုးသားတစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ပြီးခဲ့တဲ့ မေလ ၁၅ ရက် မနက် ၁၀ နာရီခွဲမှာ ၁၀၅ မိုင် တုန်ခန်ကျေးရွာနေ အသက် ၄၂ နှစ်အရွယ် ဦးမန်ဘဟာဒူးဆိုသူဟာ နွားကျောင်းရင်း မိုင်းကို လက်နဲ့ ဖိမိခဲ့တာပါ။
ဒေသခံတစ်ဦးက “သူက တုန်ခန်ရွာရဲ့ ဘုန်းကြီးကျောင်းနောက်မှာ နွား လာကျောင်းနေတာ။ သူအနားယူမယ်ဆိုပြီး ခဏထိုင်လိုက်တယ်။ သူထိုင်တဲ့အချိန်မှာ အရင်က စစ်ကောင်စီ ထောင်ထားတဲ့မိုင်းကို သူ့လက်နဲ့ ဖိမိလို့ ပေါက်ကွဲတာ” လို့ ပြောပါတယ်။
မိုင်း ပေါက်ကွဲမှုကြောင့် ဦးမန်ဘဟာဒူးရဲ့ ညာဘက်လက် ပြတ်ထွက်ပြီး ၎င်းရဲ့ မျက်နှာမှာလည်း မိုင်းစ ထိမှန်ပြီး သေဆုံးခဲ့ပါတယ်။
ရွှေဖီမြေက ပြုစုထားတဲ့ စာရင်းအရ နမ့်ဆန်၊ ကျောက်မဲ၊ သီပေါ၊ မိုးမိတ် စတဲ့မြို့နယ်မှာ ဇန်နဝါရီလကနေ ဧပြီလအထိ မြေမြှုပ်မိုင်းနဲ့ စစ်လက်နက် အကြွင်းအကျန်ကြောင့် ကလေးအပါအဝင် အရပ်သား ၁၅ ဦး သေဆုံးပြီး ၂၉ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။