မိုင်းရူပ၊ မေလ ၁၉ ရက်၊ သပိတ်ကျင်း
မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ် လိပ်ကျကျေးရွာကို စစ်ကောင်စီတပ် ဗုံး ထပ်ကြဲခဲ့ရာ အရပ်သား ၂ ဦး ဒဏ်ရာ ရခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပြင်ဦးလွင်ခရိုင်က ဒီနေ့ မေလ ၁၉ ရက်မှာ ထုတ်ပြန်လာပါတယ်။
မနေ့ မေလ ၁၈ ရက် ည ၇ နာရီဝန်းကျင်မှာ လိပ်ကျရွာကို ဂျက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အမျိုးသား ၂ ဦး ဒဏ်ရာ ရခဲ့ပြီး နေအိမ် ၄ လုံး ထိခိုက်ပျက်စီးခဲ့ပါတယ်။
“ဂျက်ဖိုက်တာနဲ့ ပေါင် ၃၀၀ ဗုံး လာကြဲတယ်လို့ ခန့်မှန်းရတယ်။ အမျိုးသား ၂ ဦး ဒဏ်ရာ ရတယ်။ ဒဏ်ရာတော့ မစိုးရိမ်ရဘူး။ နေအိမ် ၄ လုံး ပျက်စီးတယ်” လို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပြင်ဦးလွင်ခရိုင်ရဲ့ တာဝန်ရှိသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
လိပ်ကျရွာကို လေယာဉ်နဲ့ ဗုံးကြဲတာတွေ မကြာခဏ ပြုလုပ်နေပြီး ပြီးခဲ့တဲ့ ဧပြီ ၁၈ ရက်မှာလည်း လိပ်ကျရွာကို ဂျက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကလေးငယ်အပါအဝင် အရပ်သား ၁၃ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။
စစ်တပ်က တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ မန္တလေးတိုင်း မိုးကုတ်၊ သပိတ်ကျင်း၊ စဉ့်ကူးနဲ့ မတ္တရာမြို့နယ်မှာ လေကြောင်း တိုက်ခိုက်မှု ဆက်တိုက် လုပ်နေပြီး အရပ်သား သေဆုံးမှုလည်း များခဲ့ပါတယ်။
ပြီးခဲ့တဲ့ မေလ ၁၇ ရက်မှာလည်း စဉ့်ကူးမြို့နယ် စိုက်ကွင်းရွာထဲ လေကြောင်း တိုက်ခိုက်မှု ၂ ကြိမ်၊ စက်ကြီးကွင်းရွာ ၁ ကြိမ် လေကြောင်းနဲ့ တိုက်ခိုက်ခဲ့ပြီး မနေ့ မေလ ၁၈ ရက် မနက် ၅ နာရီဝန်းကျင်မှာလည်း သီလရွာကို ပေါင် ၃၀၀ ဗုံး ကြဲချတိုက်ခိုက်ခဲ့ပါတယ်။
ဒါ့အပြင် မေလ ၁၅ ရက်မှာလည်း သပိတ်ကျင်းမြို့နယ် လမ်းလယ်ကျစ်ရွာမှာ လေကြောင်း တိုက်ခိုက်မှုကြောင့် အမျိုးသမီးတစ်ဦး သေဆုံးပြီး သံဃာတော်နဲ့ ကလေးအပါအဝင် အရပ်သား ၈ ဦး ဒဏ်ရာ ရခဲ့ပါတယ်။
ဒါ့အပြင် မတ္တရာ၊ စဉ့်ကူးနဲ့ သပိတ်ကျင်းမြို့နယ်မှာ ဧပြီလကနေ မေလလယ်အထိ စစ်တပ်ရဲ့ လေကြောင်း တိုက်ခိုက်မှုကြောင့် အရပ်သား ၇၂ ဦး သေဆုံးပြီး ၁၄၁ ဦး ဒဏ်ရာ ရရှိခဲ့တယ်လို့ မန္တလေး PDF က ထုတ်ပြန်ထားပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။