မိုင်းရူပ၊ မေလ ၁၈ ရက်၊ စဉ့်ကူး
တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ မန္တလေးတိုင်း စဉ့်ကူးမြို့နယ်ရှိ ကျေးရွာ ၃ ရွာကို စစ်ကောင်စီတပ်က လေကြောင်းနဲ့ တိုက်ခိုက်ခဲ့ရာ အဆောက်အဦးတချို့ ပျက်စီးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပြင်ဦးလွင်ခရိုင်က ထုတ်ပြန်ပါတယ်။
မနေ့ မေလ ၁၇ ရက် မနက် ၈ နာရီဝန်းကျင်မှာ စဉ့်ကူးမြို့နယ် စိုက်ကွင်းရွာထဲ လေကြောင်းတိုက်ခိုက်မှု ၂ ကြိမ်၊ စက်ကြီးကွင်းရွာ ၁ ကြိမ် လေကြောင်းနဲ့ တိုက်ခိုက်ခဲ့ပြီး ဒီနေ့ မေလ ၁၈ ရက် မနက် ၅ နာရီခန့်မှာလည်း သီလရွာကို ပေါင် ၃၀၀ ဗုံး ကြဲချတိုက်ခိုက်ခဲ့ပါတယ်။
စစ်တပ်ရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အဆောက်အဦး ၂ လုံး ပျက်စီးခဲ့ပြီး လူထိခိုက်သေဆုံးမှု မရှိဘူးလို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပြင်ဦးလွင်ခရိုင်က ဆိုပါတယ်။
“တိုက်ပွဲဖြစ်တာ မရှိဘူး။ တမင်သက်သက် ရွာထဲ လာကြဲတာ။ အထိအခိုက်တော့ မရှိဘူး” လို့ မြေပြင်အခြေအနေ သိရှိသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
စစ်တပ်က တော်လှန်ရေးတွေ ထိန်းချုပ်ထားတဲ့ မန္တလေးတိုင်း မိုးကုတ်၊ သပိတ်ကျင်း၊ စဉ့်ကူးနဲ့ မတ္တရာမြို့နယ်မှာ လေကြောင်း တိုက်ခိုက်မှု ဆက်တိုက် လုပ်နေတာကြောင့် အရပ်သား သေဆုံးမှု များခဲ့ပါတယ်။
ပြီးခဲ့တဲ့ မေလ ၁၅ ရက်မှာလည်း သပိတ်ကျင်းမြို့နယ် လမ်းလယ်ကျစ်ရွာ လေကြောင်း တိုက်ခိုက်မှုကြောင့် အမျိုးသမီးတစ်ဦး သေဆုံးပြီး သံဃာတော်နဲ့ ကလေးအပါအဝင် အရပ်သား ၈ ဦး ဒဏ်ရာ ရခဲ့ပါတယ်။
ဒါ့အပြင် မတ္တရာ၊ စဉ့်ကူးနဲ့ သပိတ်ကျင်းမြို့နယ်မှာ ဧပြီလကနေ မေလဝက်အတွင်း စစ်ကောင်စီတပ်ရဲ့ လေကြောင်း တိုက်ခိုက်မှုကြောင့် အရပ်သား ၇၂ ဦး သေဆုံးပြီး ၁၄၁ ဦး ဒဏ်ရာ ရရှိခဲ့တယ်လို့ မန္တလေး PDF က ထုတ်ပြန်ထားပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။