အိုက်ပွီး၊ မေလ ၁၈ ရက်၊ တမူး
အိန္ဒိယ-မြန်မာနယ်စပ် တမူးမြို့နယ်ခြမ်းမှာ အိန္ဒိယ အာသံရိုင်ဖယ်တပ်ဖွဲ့ရဲ့ ပစ်ခတ်မှုကြောင့် တမူးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၁၀ ဦး ကျဆုံးခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်က ရွှေဖီမြေသို့ ပြောပါတယ်။
တမူးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ထိန်းချုပ်နယ်မြေထဲက နှစ်နိုင်ငံ နယ်စပ်မှတ်တိုင် ၅၉ အနီးမှာ မေလ ၁၄ ရက်က ပကဖနဲ့ အာသံရိုင်ဖယ်တပ်ဖွဲ့ ပစ်ခတ်မှု ဖြစ်ပွားခဲ့တာပဲ ဖြစ်ပါတယ်။
“တိုက်ပွဲ ဖြစ်ပွားတဲ့နေရာက မှတ်တိုင် ၅၉ အနီးမှာပါ။ မြန်မာပြည်ခြမ်းမှာ ဖြစ်သွားတာပါ။ အဲနေရာက ပကဖ ထိန်းချုပ်ထားတဲ့နေရာလည်းဖြစ်တယ်။ ပစ်ခတ်မှုမှာ ပကဖ ၁၀ ဦး ကျဆုံးခဲ့တယ်” လို့ တမူးမြို့နယ် စစ်ရေးသတင်းအရင်းအမြစ်က ရွှေဖီမြေသို့ ပြောပါတယ်။
ပစ်ခတ်မှုဖြစ်ပွားတဲ့ အကြောင်းအရင်းကို မသိရှိရပေမဲ့ နှစ်နိုင်ငံနယ်စပ် နယ်မြေအငြင်းပွားမှုကြောင့် ပစ်ခတ်မှုဖြစ်ပွားတာ မဟုတ်နိုင်ဘူးလို့ သူက ဆက်ပြောပါတယ်။
“အိန္ဒိယဘက်က နယ်မြေကျူးကျော်ခြံစည်းရိုး ကာတာဟာ မှတ်တိုင် ၈၂ နဲ့ ၈၃ ကြား ဖြစ်တယ်။ ဒါကိုလည်း နှစ်ဖက်တာဝန်ရှိသူတွေ ညှိနှိုင်းလို့ ပြီးသွားပြီ။ အခု ပစ်ခတ်မှု ဖြစ်တာက နယ်စပ်မှတ်တိုင် ၅၉ အနီးမှာ ဖြစ်တာပါ။ နယ်စပ်ကိစ္စကြောင့် မဖြစ်နိုင်ဘူး။ အဲမှတ်တိုင်က အငြင်းပွားမှုရှိတဲ့နေရာ မဟုတ်ဘူးလေ”
ပစ်ခတ်မှု ဖြစ်ပွားတာနဲ့ပတ်သက်လို့ တမူးမြို့နယ် ပကဖက အမျိုးသားညီညွတ်ရေးအစိုးရထံ တိုင်ကြားထားတဲ့အတွက် ၎င်းတို့အနေနဲ့ အဲဒီအခြေအနေကို ဖြေကြားပေးနိုင်ခြင်း မရှိသေးဘူးလို့ တမူးခရိုင် ပကဖ တာဝန်ရှိသူတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။
အိန္ဒိယ-မြန်မာနယ်စပ် မဏိပူရပြည်နယ် ချန်ဒယ်လ်ခရိုင်အတွင်း အာသံရိုင်ဖယ်တပ်ဖွဲ့ရဲ့ ပစ်ခတ်မှုကြောင့် လက်နက်ကိုင် ၁၀ ဦး သေဆုံးခဲ့တယ်လို့ အိန္ဒိယအခြေစိုက် သတင်းမီဒီယာတွေက မေလ ၁၆ ရက်က သတင်းမှာ ဖော်ပြထားပါတယ်။
ဒါ့အပြင် အိန္ဒိယစစ်တပ်က AK-47 ၇ လက်၊ RPG လောင်ချာ ၁ လက်၊ M-4 ကာဘိုင် ၁ လက်၊ ရိုင်ဖယ် ၄ လက်နဲ့ ကျည်မျိုးစုံ သိမ်းဆည်းရမိတယ်လို့ သတင်းမှာ ဆက်လက် ဖော်ပြထားပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။