ပို့လဘား၊ မေလ ၁၅ ရက်၊ ဖယ်ခုံ
ရှမ်းတောင်-ကရင်နီနယ်စပ် ဖယ်ခုံမြို့နယ် ဘန်ကောက်စစ်ရှောင်စခန်းကို စစ်ကောင်စီတပ်က ပေါင် ၅၀၀ဗုံးနဲ့ ကြဲချတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
မနေ့ မေလ ၁၄ ရက် ည ၈ နာရီကျော်မှာ ဖယ်ခုံမြို့နယ် အနောက်ဘက်ခြမ်းမှာရှိတဲ့ လအိကျေးရွာရှိတဲ့ ဘန်ကောက်စစ်ရှောင်စခန်းကို ပေါင် ၅၀၀နဲ့ ကြဲချတိုက်ခိုက်ခဲ့တာကြောင့် နေအိမ်တွေ ထိခိုက်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။
“မနေ့ည ၈ နာရီကျော်မှာ လာချတာ။ လူထိတာတော့မရှိဘူး။ နေအိမ်ထိခိုက်တာရှိတယ်။ ပြီးတော့ ကျောင်းဆောင်ကိုလည်း ထိသွားတယ်”လို့ပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၄ခုနှစ် နိုဝင်ဘာ ၁၈ ရက်ကလည်း ဘန်ကောက်စစ်ရှောင်စခန်းကို စစ်ကောင်စီတပ်က ပေါင် ၅၀၀ ဗုံး နှစ်လုံး ကြဲချတိုက်ခိုက်မှုကြောင့် အမျိုးသမီးတစ်ဦး သေဆုံးခဲ့ဖူးပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ မေလ ၁၂ ရက်က ဖယ်ခုံအရှေ့ဖက်ခြမ်းကိုလည်း စစ်ကောင်စီ လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ဒေသခံတစ်ဦး သေဆုံးခဲ့တယ်လို့ ဖယ်ခုံပြည်သူ့ကာကွယ်ရေးတပ် အမှတ်(၁၀၀၂)တပ်ရင်းက ထုတ်ပြန်ထားပါတယ်။