အိုက်ပွီး၊ မေလ ၁၃ ရက်၊ ရသေ့တောင်
ယာယီပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး ကြေညာထားတဲ့ စစ်ကောင်စီတပ်က ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ် နဲ့ ကျောက်ဖြူမြို့နယ်ကို လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်လို့ အရပ်သား ၁၃ဦးသေဆုံးပြီး ၁၅ဦးထက်မနည်း ထိခိုက် ဒဏ်ရာရရှိကာ ဘုန်းကြီးကျောင်းအပါအဝင် လူနေအိမ် ၂၀ ကျော် ပျက်စီးသွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
အရက္ခတပ်တော်-AA တစ်နှစ်ကျော်ကြာ ထိန်းချုပ်ထားတဲ့ ရသေ့တောင်မြို့နယ်၊ ထွန်းရဝေရွာဟောင်းကို စစ်ကောင်စီတပ်က ဒီနေ့ မေလ ၁၃ ရက်နေ့ မနက် ၁၀ နာရီခန့်က မြေပြင်စစ်ရေးလှုပ်ရှားခြင်းမရှိဘဲ ဂျက်ဖိုက်တာတစ်စီးနဲ့ ပေါင် ၅၀၀ ဗုံးသီးနှစ်လုံးဖြင့် လေကြောင်း ဗုံးကြဲ တိုက်ခိုက်သွားခဲ့တာ ဖြစ်ပါတယ်။
“ရွာမှာ စစ်ရေးနဲ့ပတ်သက်ပြီး ဘာမှဆောင်ရွက်တာမရှိတဲ့အခြေအနေမျိုးမှာ လေကြောင်း တိုက်ခိုက်သွားတာပါ။ အမျိုးသမီး၊ ကလေးအပါအဝင် ၁၃ ယောက် သေဆုံးတယ်။ ၁၅ ယောက်လောက်က ထိခိုက်ဒဏ်ရာရတယ်။ ရွာမှာ ရသေ့တောင်မြို့ထဲက စစ်ဘေးရှောင်တဲ့သူတွေလည်းရှိတာမို့ သေဆုံးတဲ့ထဲ ဘယ်သူဘယ်ဝါပါသလဲဆိုတာတော့ ခွဲခြားလို့ မရသေးဘူး။”လို့ ဖြစ်စဥ်သိရှိသူ ရသေ့တောင်မြို့နယ်ဒေသခံတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။
ထိခိုက်ဒဏ်ရာရရှိသူတွေကို AA တပ်ဖွဲ့ဝင်တွေနဲ့ အရပ်ဖက် လူမှုကူညီရေးအဖွဲ့စည်းတွေက ပူးပေါင်းပြီး လိုအပ်တဲ့ ဆေးဝါးကုသမှုတွေ လုပ်ဆောင်ပေးနေပါတယ်။
ထွန်းရဝေရွာဟောင်းမှာ ရသေ့တောင်မြို့ထဲက တိုက်ပွဲရှောင်တဲ့ ပြည်သူတွေ အများစုလည်း နေထိုင်ကြပြီး ဒီနေ့မနက် လေကြောင်း တိုက်ခိုက်မှုမှာ ရသေ့တောင်မြို့ထဲက တိုက်ပွဲရှောင်ပြည်သူတွေလည်း ထိခိုက်သေဆုံးမှုရှိတယ်လို့ သိရပါတယ်။
ဒါ့အပြင် နေအိမ် ၁၅ လုံးထက်မနည်း ပျက်စီးသွားပါတယ်။
စစ်ကောင်စီတပ်က ဒီနေ့မနက် ရသေ့တောင်မြို့နယ်ကို လေကြောင်း ဗုံးကြဲတိုက်ခိုက်မှု မပြုလုပ်မီ အရင်ရက်တွေက စစ်တွေမြို့ထဲကနေ လက်နက်ကြီးတွေ အရပ်သားတွေနေထိုင်တဲ့နေရာတွေကို ပစ်ခတ်မှုတွေ မကြာခဏ ပြုလုပ်နေတယ်လို့ သိရပါတယ်။
ဒီနေ့ မေလ ၁၃ ရက်နေ့ ၊ နံနက် ၄ နာရီအချိန်ခန့်က ကျောက်ဖြူမြို့နယ်၊ လိပ်ခမော်ရွာဟောင်း ဘုန်းကြီးကျောင်းကို စစ်ကောင်စီတပ်က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်လို့ ရွာဘုန်းကြီးကျောင်းတစ်ဆောင် ထိခိုက်ပျက်စီးသွားပါတယ်။
“ဒရုန်းက ဘုန်းကြီးကျောင်းတည့်တည့်ကို ကြဲချသွားတာပါ။ မနက်အစောပိုင်းဆိုတော့ ဘယ်တပ်က ဒရုန်းလည်းတော့ မသိဘူး။ ရွာမှာ လူမရှိတော့ လူထိခိုက်မှု မရှိဘူး။ ဘုန်းကြီးကျောင်းက မီးငြိမ်းမယ်သူမရှိတော့ မီးလောင်ပျက်စီးသွားတယ်။”လို့ ကျောက်ဖြူမြို့နယ်ဒေသခံတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။
စစ်ကောင်စီတပ်က ယာယီပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး ကြေညာထားပေမယ့် ကျောက်ဖြူမြို့နယ်မှာ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးတာတွေပြုလုပ်တာကြောင့် AA နဲ့ စစ်ကောင်စီတပ်တို့ကြား ထိတွေ့မှုတွေ အမြဲရှိနေပါတယ်။
ပြီးခဲ့တဲ့ ဧပြီလ ၁၁ ရက်နေ့ကလည်း လိပ်ခမော်ကျေးရွာအနီးတဝိုက်မှာ တိုက်ပွဲဖြစ်လို့ ရွာသားတွေဟာ ဘေးလွတ်ရာကို တိမ်းရှောင်နေကြတဲ့အတွက် ဒီနေ့မနက် လိပ်ခမော်ရွာ လေကြောင်း တိုက်ခိုက်မှုမှာ အရပ်သားတွေ ထိခိုက်မှုမရှိဘူးလို့ သိရပါတယ်။