ခိုင်လေး၊ မေလ ၁၃ ရက်၊ မန်တုံ
တအာင်းတပ် ထိန်းချုပ်ထားတဲ့ မန်တုံမြို့ အောင်ချမ်းသာရပ်ကွက်ထဲ စစ်တပ်က ပေါင် ၅၀၀ ဗုံး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံတစ်ဦး သေဆုံးပြီး ၆ ဦး ဒဏ်ရာ ရခဲ့တယ်လို့ ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။
မနေ့ မေလ ၁၂ ရက် ည ၁၀ နာရီခွဲဝန်းကျင်မှာ လေကြောင်းကနေ တိုက်ခိုက်ခဲ့တာဖြစ်ပြီး အောင်ချမ်းသာရပ်ကွက်က နေအိမ် ၁၀ လုံးကျော် ထိခိုက်ပျက်စီးခဲ့တယ်လို့ ဒေသခံတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
”အမျိုးသား ၁ ယောက် သေတယ်။ ၆ ဦး ဒဏ်ရာ ရတယ်။ သေဆုံးတဲ့သူက အသက် ၂၀ ဝန်းကျင်အရွယ်ပါ။ တချို့နေအိမ်တွေက ရစရာ မရှိတော့ဘူး။ လုံးဝ ပြာကျပျက်စီးသွားတဲ့အိမ်က ၆ အိမ်လောက် ရှိမယ်။ အိမ်က ၁၀ အိမ်ကျော်လောက် ထိခိုက်တယ်”
မနေ့ည ၇ နာရီဝန်းကျင်မှာလည်း တအာင်းတပ်မတော် ထိန်းချုပ်ထားတဲ့ မိုင်းငေါ့မြို့ကို လေကြောင်းကနေ နှစ်ကြိမ် ဗုံး ၄ လုံး လာရောက် ကြဲချတိုက်ခိုက်ခဲ့တာပဲ ဖြစ်ပါတယ်။
စစ်ကောင်စီနဲ့ တအာင်းတပ်မတော်တို့ တရုတ်နိုင်ငံ ကူမင်းမြို့မှာ တွေ့ဆုံဆွေးနွေးမှု ပျက်ပြီးနောက် စစ်တပ်က တအာင်းတပ်မတော် ထိန်းချုပ်ဒေသ မန်တုံ၊ မိုးကုတ်၊ ကျောက်မဲ၊ မိုင်းငေါ့နဲ့ နောင်ချိုမြို့နယ်ထဲ လေကြောင်း တိုက်ခိုက်မှု ဆက်တိုက် လုပ်ဆောင်လာပါတယ်။
စစ်တပ်ဘက်က မေလကုန်အထိ ၁ လကြာ အပစ်အခတ် ရပ်စဲကြောင်း သက်တမ်း ထပ်တိုးထားတယ်လို့ ပြောဆိုပေမဲ့ တအာင်းတပ် ထိန်းချုပ်ထားတဲ့ ဒေသတွေကို လေကြောင်းနဲ့ တိုက်ခိုက်နေသလို နောင်ချိုမြို့နယ် တောင်းခမ်းနဲ့ အုမ္မတီးဘက်ကိုလည်း ထိုးစစ်ဆင် တိုက်ခိုက်နေပါတယ်။