ရွှေဖီမြေ၊ မေ ၁၂ ရက်၊ မိုင်းငေါ့
ဒီနေ့ မေလ ၁၂ ရက် ညပိုင်း ၇ နာရီခွဲဝန်းကျင်က တအာင်းတပ်မတော်- TNLA ထိန်းချုပ်တဲ့ မိုင်းငေါ့မြို့မှာ စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံး ၄ လုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ည ၇ နာရီ ၄၀ မိနစ်မှာတစ်ကြိမ်၊ ၇ နာရီ ၄၂ မိနစ်မှာတစ်ကြိမ် ဗုံး ၄ လုံး ကြဲချတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
“စာသင်ကျောင်းဘေးမှာ ကျတာ ဗုံးသီးတွေက။ လောလောဆယ် လူအထိအခိုက် ရှိတာတော့ မကြားမိသေးဘူး” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ဗုံးကြဲခံရမှုနဲ့ ပတ်သက်ပြီး ထိခိုက်မှု အသေးစိတ်ကို ရွှေဖီမြေက ဆက်လက် စုံစမ်းနေဆဲ ဖြစ်ပါတယ်။
စစ်ကောင်စီတပ်ဟာ TNLA ထိန်းချုပ်တဲ့ နောင်ချို၊ မိုးကုတ်၊ ကျောက်မဲအပြင် မိုင်းငေါ့မြို့ကိုပါ ဗုံး ကြဲလာတာပဲ ဖြစ်ပါတယ်။
မေလကုန်အထိ ၁ လကြာ အပစ်ရပ် ထပ်တိုးထားကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားပေမဲ့ နေရာအများစုမှာ လေကြောင်းကနေ ဗုံးတွေ ဆက်တိုက် ကြဲချနေဆဲ ဖြစ်ပါတယ်။