ခိုင်လေး၊ မေလ ၁၂ ရက်၊ ဖလမ်း
ချင်းပြည်နယ် ဖလမ်း မြို့သိမ်းတိုက်ပွဲမှာ ခြေလက်ဆုံးရှုံးသွားတဲ့ ရဲဘော်တွေကို ခြေတုလက်တု တပ်ဆင်ပေးနိုင်ဖို့ ငွေကြေးအကူအညီ လိုအပ်နေကြောင်း ချင်းအမျိုးသား ကာကွယ်ရေးတပ်ဖွဲ့- CNO/ CNDF ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်း တင်မီထွဋ်က ရွှေဖီမြေကို ပြောပါတယ်။
မြို့သိမ်းတိုက်ပွဲ စစ်ဆင်ရေးမှာ ဒဏ်ရာရရှိသူများပြီး အဲဒီထဲမှာမှ ခြေပြတ်တဲ့သူ ၂၆ ယောက်၊ လက်ပြတ်သူ ၆ ယောက်၊ နားမကြားတော့သူ ၂ ယောက်၊ မျက်စိ မမြင်တော့သူ ၈ ယောက်ရှိပြီး ခေါင်း ထိခိုက်တဲ့သူ ၂ ယောက်ဟာ ဆေးကုသမှု ခံယူနေဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။
”တချို့ကတော့ သက်သာပြီပေါ့လေ။ ခြေလက် ပြတ်တဲ့သူတွေကို ခြေတုလက်တု နားမကြားတဲ့သူတွေကို နားကြပ်ပေါ့လေ။ အဲလိုမျိုး တပ်ဆင်ပေးနိုင်ဖို့ ကျနော်တို့ဘက်က ပြင်ဆင်နေတဲ့အချိန်ဖြစ်တယ်။ အားလုံး ကုန်ကျစရိတ်က အမေရိကန်ဒေါ်လာ ၁ သိန်း ၁ သောင်း ၃ ထောင် အဲလောက်တော့ တွက်ထားတာ ရှိပါတယ်။ အသက်အရွယ်ပိုင်းက ၂၀၊ ၂၅ ဝန်းကျင်တွေပါ”
CNO/CNDF အနေနဲ့ ငွေကြေးကို အကန့်အသတ်နဲ့သာ သုံးစွဲရတာကြောင့် ခြေတုလက်တု တပ်ဆင်ပေးနိုင်ဖို့ အချိန်ကာလတစ်ခု စောင့်ဆိုင်းနေရလို့ လူထုတွေအနေနဲ့ ကူညီထောက်ပံ့ပေးဖို့အတွက် CNO/CNDF ဘက်က မေတ္တာရပ်ခံထားပါတယ်။
ဒဏ်ရာရသူတွေဟာ ပြည်တွင်းမှာ ဆေးကုသမှု ခံယူဖို့ ခက်ခဲတာကြောင့် ပြည်ပနိုင်ငံဘက် သွားရောက်ပြီး ဆေးကုသမှု ခံယူတဲ့အခါ သူတို့အတွက် ဘာသာစကား အခက်အခဲ အနည်းငယ် ရှိတယ်လို့ ဆိုပါတယ်။
မျက်စိ ထိခိုက်တဲ့သူတွေကို မျက်မမြင်ကျောင်း ပို့ပေးကာ ၎င်းတို့အတွက် အသက်မွေးဝမ်းကြောင်းကိုတော့ ကျောင်းဘက်က ပြန်လည်ပို့ချပေးတာ ရှိတယ်လို့ ဆိုပါတယ်။
”မျက်စိ ထိတဲ့သူတွေကိုတော့ မျက်မမြင်ကျောင်း ပြန်ထားပေးတယ်။ ခြေလက် ပြတ်တဲ့သူတွေကိုတော့ ခြေတုလက်တုတွေ တပ်ပေးတယ်။ အဲထဲကတချို့လည်း ကျနော်တို့ဆီ နိုင်ရာအလုပ်တွေနဲ့ လာပြီး တာဝန်ပြန်ထမ်းဆောင်တာတော့ ရှိတယ်”
လူထုတွေအနေနဲ့ ကိုယ်လက်အင်္ဂါ ဆုံးရှုံးသွားတဲ့ ရဲဘော်တွေကို ကူညီလိုရင် CNO/CNDF သို့ ဆက်သွယ်ပြီး မေးမြန်းနိုင်ပါတယ်။
ဖလမ်းမြို့ကို ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် နိုဝင်ဘာ ၉ ရက်ကစ CNO/CNDF ပါဝင်တဲ့ ချင်းညီနောင်နဲ့ မဟာမိတ် ပူးပေါင်းတပ်ဖွဲ့က ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပြီး ၅ လအကြာ ၂၀၂၅ ခုနှစ် ဧပြီ ၉ ရက်မှာ ဖလမ်းမြို့နယ်တစ်ခုလုံးကို ချင်းညီနောင်နဲ့ မဟာမိတ်ပူးပေါင်းတပ်ဖွဲ့က သိမ်းပိုက်နိုင်ခဲ့ပါတယ်။