အိုက်ပွီး၊ မေလ ၁၂ ရက်၊ ဂန့်ဂေါ
စစ်ကိုင်းတိုင်း၊ ဂန့်ဂေါမြို့နယ်၊ လယ်မကျေးရွာမှာ စစ်ကောင်စီက ကလေး ၄ ဦးအပါအဝင် အရပ်သား ၁၁ ဦးကို သတ်ဖြတ်ပြီး ၁၃ ဦးကို ဖမ်းစီးထားတယ်လို့ ဒေသခံတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။
လယ်မကျေးရွာကို ဒီနေ့ မေလ ၁၂ ရက်နေ့၊ မနက် ၂ နာရီဝန်းကျင်မှာ ဂန့်ဂေါအခြေစိုက် စစ်ကောင်စီ ခမရ ၅၀ တပ်ရင်းနဲ့ အမြောက်တပ်ရင်းတို့မှ စစ်ကြောင်း ဝင်ရောက်လာပြီး အရပ်သားတွေ ဖမ်းစီးသတ်ဖြတ်သွားခဲ့တာဖြစ်ပါတယ်။
“မနက်အစောပိုင်းက သေနတ်တွေ မိုးပေါ်ထောင်ပစ်ပြီး စစ်ကြောင်းတွေ ရွာထဲကို ဝင်လာပြီး ရှိသမျှလူတွေကို လိုက်ဖမ်းနေတာပါ။ ဖမ်းဆီးခံရပြီးနောက် နှိပ်စက်တယ်။ နှိပ်စက်ပြီးမှ သတ်သွားကြတာ။ သေဆုံးတဲ့အလောင်းတွေမှာ ရိုက်နှက်ထားတဲ့ဒဏ်ရာတွေ တွေ့ရတယ်။”လို့ ဂန့်ဂေါမြို့နယ်ဒေသခံတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။
နှိပ်စက်ပြီး သတ်ဖြတ်ခံရသူတွေဟာ မှိုင်းဝေ (၁၃) နှစ်၊ သျှန်ထွန်း (၁၂) နှစ်၊ သီဟလင်း (၁၅) နှစ်၊ မျိုးသီဟ (၁၅) နှစ်၊ ကျော်စန်းခိုင် (၂၄) နှစ်၊ သက်ပိုင်ဦး (၂၃) နှစ်၊ အောင်ကြည်မင်း (၃၉) နှစ်၊ နေလင်းဦး (၂၅) နှစ်၊ ညီလေး (၂၇) နှစ်၊ ဂျွန်ဂိုဝင်း (၁၉) နှစ် နဲ့ ကျော်မြတ်သူ (၁၉) နှစ်တို့ဖြစ်ပါတယ်။
ဒါ့အပြင် လယ်မကျေးရွာမှ ကလေး၊ အမျိုးသမီးအပါအဝင် အရပ်သား ၂၄ ဦးကို စစ်ကောင်စီတပ်စစ်ကြောင်းက ထပ်မံဖမ်းဆီးပြီး အမြောက်တပ်ရင်းကို ခေါ်ဆောင်သွားကာ ၁၃ ဦးကို ဒီနေ့မနက်ပိုင်းမှာ ပြန်လွှတ်ပေးခဲ့တယ်လို့ သိရပါတယ်။
“မနက်ပိုင်းမှာ ၁၃ ယောက်ပြန်လွတ်လာတယ်။ နောက်ထပ် ၁၀ ယောက်ကိုတော့ အမြောက်တပ်ရင်းကနေ ခလ ၅၀ တပ်ရင်းထဲမှာ ဖမ်းဆီးထားဆဲဖြစ်တယ်။ အဲထဲမှာ အမျိုးသမီး ၃ ဦးပါသေးတယ်။ သူတို့တွေ ရိုက်နှက်စစ်ဆေးခံနေရတယ်လို့ သိရပါတယ်။”လို့ ဂန့်ဂေါမြို့နယ်ဒေသခံတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။
ဒီနေ့မနက် စစ်ကောင်စီတပ်နဲ့ ပျူစောထီးတွေရဲ့ လယ်မရွာက အရပ်သားတွေကို အစုလိုက်၊အပြုံလိုက် သတ်ဖြတ်ဖမ်းဆီးမူကြောင့် ရွာသားတွေထိတ်လန့်နေပြီး ကျေးရွာထဲမှာမနေရဲတော့ဘဲ တိမ်းရှောင်မှုတွေပြုလုပ်နေကြပါတယ်။