ရွှေဖီမြေ၊ မေလ ၁၂ ရက်
ကိုးကန့်တပ်- MNDAA က သူထိန်းချုပ်ဒေသရှိ ကလေးငယ်တစ်ထောင်ကျော်ကို ကာကွယ်ဆေး အခမဲ့ ထိုးပေးခဲ့တယ်လို့ ဒီကနေ့ မေလ ၁၂ ရက်မှာ ထုတ်ပြန်ထားပါတယ်။
၁၀၂၇ စစ်ဆင်ရေးအတွင်း ကိုးကန့်တပ် တိုက်ခိုက်သိမ်းပိုက်ခဲ့တဲ့ သိန္နီ၊ ကွမ်းလုံနဲ့ လောက်ကိုင်မြို့ရှိ အသက် ၃ နှစ်အောက် ကလေးငယ် ၁၄၃၁ ယောက်ကို ၂ ရက်အတွင်း (မေလ ၁၀၊ ၁၁ ရက်) ကာကွယ်ဆေးထိုးပေးနိုင်ခဲ့တယ်လို့ ဆိုထားပါတယ်။
ဒါ့အပြင် မိဘပြည်သူတွေအနေနဲ့ မိမိကလေးငယ်တွေကို ကာကွယ်ဆေး လာရောက်ထိုးနှံပေးဖို့လည်း ထုတ်ပြန်ချက်မှာ တိုက်တွန်းထားပါတယ်။
ကိုးကန့်ရဲ့ ကျန်းမာရေးဌာနက “ကလေးငယ်တိုင်းကို ကာကွယ်ဆေးအပြည့်အဝထိုးနှံတိုက်ကျွေးပေးနိုင်ရေးအတွက် အများကြီးကြိုးစားရတာတွေရှိပါတယ်။ အဲဒီအတွက် မိဘပြည်သူတွေအနေနဲ့ ကိုယ့်ရင်သွေးငယ်လေးတွေကို ကာကွယ်ဆေး မပျက်မကွက် လာရောက်ထိုးနှံတိုက်ကျွေးကြဖို့ ပြောချင်ပါတယ်” လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပေးထားပါတယ်။
ပြီးခဲ့တဲ့နှစ် ၂၀၂၄ မှာလည်း ကိုးကန့်ထိန်းချုပ်ဒေသရှိ ကလေး ၁ သောင်းကျော်ကို ကာကွယ်ဆေးထိုးနှံပေးနိုင်ခဲ့ပြီး ဒီနှစ်မှာ အဲထက် ၃ ဆမှ ၅ ဆ အထိ ထိုးနှံပေးနိုင်ဖို့ ကိုးကန့်တပ်- MNDAA ရဲ့ ကျန်းမာရေးဌာနက စီစဉ်ထားတယ်လို့လည်း ဆိုထားပါတယ်။