လွေးထွေး၊ မေလ ၁၁ ရက်၊ စဉ့်ကူး
မန္တလေးတိုင်း စဉ့်ကူးနဲ့ သပိတ်ကျင်းမြို့နယ်ကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ကလေးအပါအဝင် အရပ်သား ၆ ဦး သေဆုံးခဲ့ပြီး ၁၀ ဦး ဒဏ်ရာရခဲ့ကြောင်း ပြင်ဦးလွင်ခရိုင် ပကဖသတင်းမှ တာဝန်ရှိသူရဲ့ ပြောပြချက်အရ သိရပါတယ်။
မနေ့ မေလ ၁၀ ရက် နေ့လယ် ၁ နာရီဝန်းကျင်မှာ ဂျက်ဖိုက်တာနဲ့ စဉ့်ကူးမြို့နယ် ကျည်တောက်ပေါက်ရွာကို ဗုံးကြဲခဲ့လို့ ကလေးအပါအဝင် ၅ ဦး သေဆုံးခဲ့ပြီး ၃ ဦး အပြင်းအထန် ဒဏ်ရာ ရခဲ့သလို ၁ နာရီခွဲမှာ သပိတ်ကျင်းမြို့နယ် ဇရပ်ကွင်းရွာကို ထပ်မံ ဗုံးကြဲလို့ အရပ်သား ၁ ဦး သေဆုံးခဲ့ပြီး ၇ ဦး ဒဏ်ရာရခဲ့တာပဲ ဖြစ်ပါတယ်။
ပြင်ဦးလွင်ခရိုင် ပကဖသတင်းမှ တာဝန်ရှိသူက “စကစက ငလျင်ဒဏ်ကြောင့် အပစ်ရပ်တယ် ပြောပေမဲ့ အရပ်သားတွေကို ဒီလို ပစ်မှတ်ထား တိုက်ခိုက်နေတာက သူ့စိတ်ဓာတ် ဘယ်လောက် ယုတ်မာလဲဆိုတာကို ဖော်ပြနေတာပဲဖြစ်တယ်။ ဒါကြောင့် လူထုတွေကဘဲ ဂရုစိုက် နေထိုင်ကြဖို့လိုတယ်” လို့ ရွှေဖီမြေသို့ ပြောဆိုထားဖူးပါတယ်။
စစ်တပ်ဟာ အပစ်ရပ် ၁ လ ထပ်တိုးထားပေမဲ့ သပိတ်ကျင်းနဲ့ စဉ့်ကူးမြို့နယ်အပြင် နောင်ချို၊ မိုးကုတ်နဲ့ တခြားမြို့နယ်ကိုလည်း လေကြောင်းကနေ ဆက်တိုက် ဗုံးကြဲတိုက်ခိုက်နေဆဲ ဖြစ်ပါတယ်။
အလားတူ မေလ ၇ ရက်ကလည်း သပိတ်ကျင်းမြို့နယ် ရေထွက်ရွာကို ဗုံးကြဲတိုက်ခိုက်လို့ အရပ်သား ၁ ဦး သေဆုံခဲ့ပြီး ၁၀ ဦး ဒဏ်ရာ ရခဲ့ပါတယ်။
ဧပြီ ၁၉ ရက်ကလည်း ရေထွက်ရွာကို ဂျက်လေယာဉ်နဲ့ ဗုံးကြဲချခဲ့တာကြောင့် ကလေးငယ်အပါအဝင် အရပ်သား ၁၃ ဦး အစုလိုက် အပြုံလိုက် သေဆုံးခဲ့ပါတယ်။