လွေးလာဝ်ဇာရ်၊ မေလ ၇ ရက်၊ သပိတ်ကျင်း
စစ်ကောင်စီတပ်ဟာ အပစ်ရပ်ကာလ တစ်လ ထပ်တိုးမယ်လို့ ကြေညာထားပေမဲ့ မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ် ရေထွက်ကျေးရွာကို လေကြောင်းကနေ ထပ်မံ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ ၁ ဦး သေဆုံးပြီး ၁၀ ဦး ဒဏ်ရာ ရခဲ့တယ်လို့ ဖြစ်စဉ်သိရှိသူ အမျိုးသားတစ်ဦးက ပြောပါတယ်။
ရေထွက်ရွာထဲ စစ်တပ်က ဒီနေ့ မေလ ၇ ရက် နေ့လယ် ၁၂ နာရီဝန်းကျင်မှာ ဂျက်ဖိုက်တာနဲ့ ကြဲချတိုက်ခိုက်ခဲ့တာပဲ ဖြစ်ပါတယ်။
ဖြစ်စဉ်သိရှိသူ အမျိုးသားတစ်ဦးက “ဟုတ်တယ်။ ဒီနေ့ ထပ်လာကြဲတယ်။ လူထိခိုက်မှု ရှိတယ်။ တစ်ယောက်သေတယ်။ ၁၀ ယောက် ဒဏ်ရာ ရတယ်” လို့ ပြောပါတယ်။
ထိခိုက်သွားသူ ၁၀ ဦးထဲ အမျိုးသမီး ၃ ဦးနဲ့ အမျိုးသား ၇ ဦးတို့ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဧပြီ ၁၉ ရက်ကလည်း ရေထွက်ရွာကို ဂျက်လေယာဉ်နဲ့ ဗုံးကြဲချခဲ့တာကြောင့် ကလေးငယ်အပါအဝင် အရပ်သား ၁၃ ဦး အစုလိုက် အပြုံလိုက် သေဆုံးခဲ့တာလို့ သပိတ်ကျင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
ငလျင်သင့်တဲ့ ဒေသမှာ ကူညီကယ်ဆယ်ရေး လုပ်ဆောင်ပေးနိုင်ဖို့ ပြီးခဲ့တဲ့ ဧပြီ ၂ ရက်ကနေ ၃၀ ရက်အထိ စစ်တပ်က အပစ်ရပ် ကြေညာထားပေမဲ့ ရှမ်းမြောက်အပါအဝင် တော်လှန်ရေး အင်အားစုတွေ ထိန်းချုပ်ထားတဲ့ မန္တလေးတိုင်း သပိတ်ကျင်း၊ မတ္တရာနဲ့ စဉ့်ကူးမြို့နယ်မှာ လေကြောင်းနဲ့ တိုက်ခိုက်တာ၊ ထိုးစစ်ဆင်တာတွေ ဆက်လက် လုပ်ဆောင်နေပါတယ်။