လွေးထွေး၊ မေလ ၇ ရက်
စစ်ကောင်စီတပ် အပစ်ရပ်ထားတဲ့ ဧပြီလအတွင်း စစ်ကောင်စီတပ်ကြောင့် မြန်မာတစ်နိုင်ငံလုံးက အရပ်သား ၇၁ ဦး သေဆုံးခဲ့ရကြောင်း မြန်မာ့အမျိုးသမီးသမဂ္ဂ- BWU ရဲ့ ဒီနေ့ မေလ ၇ ရက် ထုတ်ပြန်ချက်အရ သိရပါတယ်။
စစ်တပ်ဟာ သဘာဝဘေး ကြုံနေရတဲ့ အရပ်သားတွေကို ရာဇဝတ်မှုနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု ပုံစုံအမျိုးမျိုးနဲ့ ကျူးလွန်နေတယ်လို့လည်း ဆိုပါတယ်။
BWU ရဲ့ တွဲဖက်အထွေထွေ အတွင်းရေးမှူး(၁) မဝေဝေလှိုင်က “အကြမ်းဖက် စစ်ကောင်စီဟာ သူအာဏာစသိမ်းကတည်းက အရပ်သားလူထုတွေကို ပစ်မှတ်ထား တိုက်ခိုက်နေတာကို မြင်တွေ့နေရပါတယ်။ အခုလည်း ငလျင်ဒဏ်သင့်နေချိန် ကမ္ဘာသိအောင် အပစ်ရပ် ကြေညာထားပေမဲ့ လက်တွေ့မှာ သူသည် အရပ်သားလူထုကို လေကြောင်းရော တခြားနည်းကိုပါ အသုံးပြုပြီး ဦးတည်တိုက်ခိုက်နေလို့ အမျိုးသမီးတွေဟာ သေဆုံးခဲ့ရတာ ဖြစ်တယ်” လို့ ရွှေဖီမြေသို့ ပြောပါတယ်။
သေဆုံးသွားတာအပြင် ဒဏ်ရာရတဲ့ အမျိုးသမီးလည်း ၅၀ ဦး ရှိခဲ့ပြီး သေဆုံးဒဏ်ရာရသူတွေဟာ စစ်ကိုင်း၊ မန္တလေး၊ မကွေး၊ ပဲခူးတိုင်းနဲ့ မွန်၊ ကရင်၊ ကရင်နီ၊ ရှမ်း၊ ရခိုင်၊ ချင်းပြည်နယ် စတဲ့နေရာဒေသက ဖြစ်တယ်လို့ ဆိုပါတယ်။
၎င်းအမျိုးသမီးတွေဟာ လေကြောင်း တိုက်ခိုက်ခံရမှုကြောင့် ၅၉ ဦး သေဆုံးခဲ့ပြီး ၄၀ ဦး ဒဏ်ရာ ရတာ၊ လက်နက်ကြီးကြောင့် ၇ ဦး သေဆုံးပြီး ၅ ဦး ဒဏ်ရာရတာ၊ သတ်ဖြတ်ခံရမှုကြောင့် ၅ ဦး သေဆုံးခဲ့တာနဲ့ မြေမြှုပ်မိုင်းကြောင့် ၄ ဦး ဒဏ်ရာ ရခဲ့ပါတယ်။
ဒီအချက်အလက်တွေဟာ တိကျခိုင်လုံတဲ့ သတင်းမီဒီယာက အချက်အလက်နဲ့ မြေပြင်မှ ရရှိထားတဲ့ အချက်အလက်တွေကို စုစည်းထားတာဖြစ်ပြီး ဆက်သွယ်ရေးလိုင်း ဖြတ်တောက်ခံထားရတာကြောင့် မြေပြင်မှာ ဒီထက် ပိုများနိုင်တယ်လို့လည်း ဆိုပါတယ်။
ပြီးခဲ့တဲ့ မတ်လအတွင်းကလည်း စစ်ကောင်စီကြောင့် အမျိုးသမီး ၆၆ ဦး သေဆုံးခဲ့ရတယ်လို့ BWU ရဲ့ အချက်အလက်တွေအရ သိရပါတယ်။