လွေးဇွန်မိုး၊ မေလ ၆ ရက်၊ နမ့်ဆန်
တအာင်းဒေသ နမ့်ဆန်မြို့နယ်ထဲက ကျေးရွာတချို့မှာ လက်ဖက်ရွက်စိမ်း တစ်ပိဿာကို ၃ ထောင်ကျပ်ဝန်းကျင်သာ ဈေးရတော့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရွှေဖီလက်ဖက်ရွက်စိမ်း တစ်ပိဿာ ၄ ထောင် ရရာကနေ သင်္ကြန်အပြီး ဧပြီ ၁၈ ရက်နောက်ပိုင်း နမ့်ဆန်မြို့နယ်ထဲက ကျေးရွာအချို့မှာ တစ်ပိဿာကို ၃ ထောင်သာရပြီး ကျေးရွာတချို့မှာတော့ တစ်ပိဿာကို ၂,၅၀၀ နဲ့ ၂,၈၀၀ ဝန်းကျင်သာ ရတော့တယ်လို့ အနောက်လုံတောက်ရွာခံ အမျိုးသားတစ်ဦးက ပြောပါတယ်။
“တစ်ခြားရွာတွေလည်း ပုံမှန်ဈေးလောက်ပဲ ရှိမယ်ထင်တယ်။ သုံးထောက်လောက်ပေါ့။ နမ့်ဆန်မှာဆို အခု ၂,၈၀၀ ပဲရတယ်။ မနှစ်တုန်းက သင်္ကြန်နောက်ပိုင်းမှာ လက်ဖက်ခြောက် တစ်ပိဿာကို ၁၆,၀၀၀၊ ၁၇,၀၀၀ ဈေးလောက်ရတယ်။ ဒီနှစ်ဆို ၁၃,၀၀၀ လောက်ပဲ ရတော့တာ။ ၁၃,၀၀၀ တောင်မှ ဝယ်မယ့်သူ မရှိဘူး”
လက်ဖက်ဝယ်ယူသူပွဲစား နည်းလာတာနဲ့ လမ်းခရီးအခြေအနေကြောင့် လက်ဖက်ဝယ်သူတွေက လက်ဖက်ဖိုးကို လက်ငင်း အကုန် မရှင်းပေးဘဲ တစ်ဝက်သာ ရှင်းပေးတာမျိုးလည်း ရှိတယ်လို့ အထက်ပါ အမျိုးသားက ဆက်ပြောပါတယ်။
“နိုင်ငံရေး မကောင်းတာလဲ ပါတယ်။ ပွဲစားတွေလည်း တော်တော်များများ လက်ဖက်တွေ သိပ်မဝယ်ကြဘူး။ ကျောက်မဲဘက် သွားပို့တဲ့ကားတွေဆိုလည်း ကားတိုင်းလိုလို လက်ဖက်က ချက်ချင်းရောင်းလို့မရကြဘူး။ တချို့အိမ်က ဆန်ယူမယ်ဆိုလည်း ပွဲစားတွေက လက်ဖက်ရောင်းရမှ ဆန်ပေးမယ်လို့လည်း ပြောတယ်။ လက်ဖက်ဖိုး ချက်ချင်းရတဲ့သူလည်း ရှိမယ်။ မရတဲ့သူလည်း ရှိတယ်။ အကြွေးဝယ်လို့တော့ မရဘူးပေါ့ဗျာ။ လက်ဖက် ၅ လုံးဆိုရင် ဝယ်သူတွေက ၂ လုံးဖိုး အရင်ပေးတယ်”
ကွမ်ဟယ်ရွာမှာတော့ လက်ဖက်ရွက်စိမ်းအကြမ်း တစ်ပိဿာကို ၂,၄၉၀ ကျပ်နဲ့ ရွက်နု တစ်ပိဿာကို ၃,၃၉၀ ကျပ် ရတယ်လို့ ဆိုပါတယ်။
အလားတူ ကျောက်မဲမြို့နယ်မှာလည်း ရွှေဖီလက်ဖက်ခြောက် တစ်ပိဿာ ၁၆,၀၀၀ ရရာကနေ သင်္ကြန်နောက်ပိုင်းမှာ ၁၃,၀၀၀ သာ ရတော့တယ်လို့ သိရပါတယ်။