By မိုင်းရူပ၊ ရွှေဖီမြေ

တော်လှန်ရေးအင်အားစုတွေအနေနဲ့ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းအောင် မလုပ်ဆောင်နိင်ရင် လာမယ့်မျိုးဆက်သစ်တွေမှာ စစ်ဘေးဒဏ်ကို ဆက်လက်ခံစားရမှာဖြစ်ပြီး စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းအောင် ဆက်လက်ဆောင်ရွက်ရမှာ ဖြစ်တယ်လို့ TNLA က ထုတ်ပြောလာပါတယ်။

“အာဏာရှင် ချုပ်ငြိမ်းရေး မဆောင်ရွက်ဘူးဆိုရင် ကျနော်တို့ မျိုးဆက်တွေလည်း စစ်ဘေးစစ်ဒဏ်ပဲ ခံနေရပြီးမှ တကယ်လူသားတယောက်လိုနေနိုင်မှာ မဟုတ်ပါဘူး။ အဲဒါကြောင့်မို့လို့ အာဏာရှင်စနစ် အပြီးတိုင် ချုပ်ငြိမ်းဖို့အတွက် ဆက်လက်ပြီး ဆောင်ရွက်ရမှာ ဖြစ်ပါတယ်” တအာင်းတပ်မတော်-PSLF/TNLA ရဲ့ အထွေထွေအတွင်းရေးမှူး (၂) ဗိုလ်မှူးကြီးတားပန်လက ပြောပါတယ်။

တရုတ်နိုင်ငံရဲ့ တိုက်ပွဲတွေရပ်ဖို့ ဖိအားပေးခံနေရချိန်နဲ့ TNLA ထိန်းချုပ်ဒေသမှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေ နေ့စဥ်လိုလိုပြုလုပ်နေချိန် တအာင်းတပ်ဘက်က အခုလို ထုတ်ပြောလာတာ ဖြစ်ပါတယ်။

ပြီးခဲတဲ့ ဧပြီ ၂၈ ရက်နဲ့ ၂၉ ရက်မှာ တရုတ်နိုင်ငံရဲ့ ကြားဝင်စေ့စပ်မှုကြောင့် စစ်ကောင်စီနဲ့ TNLA အကြား တရုတ်နိုင်ငံ ကူမင်းမြို့မှာ အပစ်ရပ်ရေး ဆွေးနွေးခဲ့ပြီး TNLA ထိန်းချုပ်ထားတဲ့ နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ မိုးကုတ်၊ မိုးမိတ်ကနေ ဆုတ်ပေးဖို့ စစ်ကောင်စီ တောင်းဆိုခဲ့ပါတယ်။

စစ်ကောင်စီရဲ့ တောင်းဆိုချက်ကို TNLA ဘက်က လက်မခံတာကြောင့် ဆွေးနွေးပွဲ မအောင်မြင်ခဲ့တာဖြစ်တာဖြစ်တယ်လို့ PSLF/TNLA ရဲ့အထွေထွေအတွင်းရေးမှူး (၂) ဗိုလ်မှူးကြီးတားပန်လက မနေ့ မေလ ၄ ရက်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

“ဆွေးနွေးပွဲက ပျက်သွားတာမဟုတ်ပါဘူး။ ညှိနှိုင်းလို့ သဘောမတူတဲ့ကာလပဲ ဖြစ်နေပြီး ဆက်ညှိနှိုင်းသွားဖို့ နှစ်ဘက် တင်ပြချက်တွေကို ဩဂုတ်လမှာ ဆက်ဆွေးနွေးမှာပါ”

စစ်ရေးလေ့လာစောင့်ကြည့်သူ CDM ဗိုလ်ကြီးဇင်ယော်ကတော့ စစ်ကောင်စီတပ်ဟာ TNLA ထိန်းချုပ်ထားတဲ့ သီပေါ၊ နောင်ချိုနဲ့ ကျောက်မဲမြို့တွေကနေ ပြန်ဆုတ်ခိုင်းတာဟာ မန္တလေး-မူဆယ် ကုန်သွယ်ရေးကို ပြန်စချင်တဲ့သဘောလို့ သုံးသပ်ပါတယ်။

“စစ်တပ်က နောင်ချို-ကျောက်မဲ-သီပေါ- လားရှိုး- ကုန်သွယ်ရေး ပြန်လုပ်ချင်တာ။ TNLA ဘက်က မလိုက်လျောဘူးဆိုရင် ချင်းရွှေဟော်-လားရှိုး-မိုင်းရယ်-တောင်ကြီးဘက် နယ်စပ်ကုန်သွယ်ရေး ပြန်လုပ်ဖို့ ပြင်ထားတယ်ပေါ့”

စစ်ကောင်စီနဲ့ ဆွေးနွေးပွဲမှာ TNLA ဘက်က နှစ်ဖက်တပ်တွေရောက်တဲ့နေရာကနေ အပစ်ရပ်ဖို့၊ လေကြောင်း၊ လက်နက်ကြီးနဲ့ ဒရုန်းအသုံးပြုပြီး တိုက်ခိုက်တာတွေရပ်ဖို့နဲ့ လူထုတွေကို လွတ်လပ်စွာ သွားလာခွင့်ပြုဖို့ကိုသာ ဆွေးနွေးခဲ့တယ်လို့ တားပန်လက ပြောပါတယ်။

ဒါ့အပြင် ထိန်းချုပ်နယ်မြေကို စစ်ကောင်စီက ပြန်ပေးဖို့ တောင်းဆိုချက်ကို TNLA က လက်ရှိအချိန်အထိ လက်ခံတာမရှိသေးဘူးလို့ ဗိုလ်မှူးကြီးတားပန်လက ဆိုပါတယ်။

“တိုက်ပွဲအောင်မြင်အောင် ဒီနယ်မြေကနေ စစ်အာဏာရှင်တွေ ထွက်ခွာသွားအောင် ပူးပေါင်းဆောင်ရွက်ခဲ့ကြတဲ့ လူထုတွေရဲ့ အသံလည်း ကျနော်တို့ အလေးထားရမှာ ဖြစ်ပါတယ်။ အဲဒါကြောင့်မို့လို့ ဟိုဟာပေးနိုင်မလား ဒီဟာ ပေးနိုင်မလားဆိုတဲ့ဟာမျိုးတော့ လောလောဆယ် မရှိသေးပါဘူး”

ဒီတွေ့ဆုံမှုဟာ ၁၀၂၇ စစ်ဆင်ရေးစတင်ပြီးနောက် တရုတ်ရဲ့ ကြားဝင်စေ့စပ်မှုကြောင့် စစ်ကောင်စီနဲ့ TNLA အကြား ၇ ကြိမ်မြောက် တွေ့ဆုံမှုလို့ သိရပြီး လာမယ့် သြဂုတ်ထဲမှာ ထပ်မံတွေ့ဆုံဖို့ ရှိနေပါတယ်။

TNLA အပေါ် တရုတ်ရဲ့ ဖိအားနဲ့ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုများ

စစ်တပ်အာဏာသိမ်းမှုခံနေရတဲ့ မြန်မာနိုင်ငံမှာ လူထုတွေက အာဏာရှင်စစ်ကောင်စီပြိုကျဖို့ ကြိုးစားနေချိန် တရုတ်နိုင်ငံက ၎င်းရဲ့ အကျိုးစီးပွားမထိခိုက်ဖို့သာ လိုလားနေတယ်လို့ ဗိုလ်မှူးကြီးတားပန်လက ပြောပါတယ်။

တရုတ်နိုင်ငံဟာ လက်ရှိဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကို ရပ်တန့်ဖို့ ဖိအားပေးနေပြီး TNLA ထိန်းချုပ်ဒေသကို ဆေးဝါး၊ စက်သုံးဆီအပါအဝင် တရုတ်ဘက်က ဖြတ် ၅ ဖြတ်ထားပြီး လူထုတွေ အခက်တွေ့စေတယ်လို့ ဗိုလ်မှူးကြီး တားပန်လက ပြောပါတယ်။

“နယ်စပ်မှာ ရှိတဲ့သူတွေက နယ်စပ်ကို အမှီပြုပြီး စားဝတ်နေရေးကိစ္စဖြေရှင်းနေရတယ်။ နယ်စပ်ကို ပိတ်လိုက်တဲ့ အတွက် စားဝတ်နေရေးခက်ခဲရတယ်။ ပြည်သူလူထုက တော်တော်လေးကို ခံစားရပါတယ်”

တစ်ဖက်မှာလည်း စစ်ကောင်စီတောင်းတဲ့မြို့တွေကို TNLA ဘက်က လက်မခံတာကြောင့် တအာင်းတပ်

ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် နောင်ချို၊ ကျောက်မဲနဲ့ မန္တလေးတိုင်း မိုးကုတ်မြို့တွေကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်ဆောင်နေပါတယ်။

ဆွေးနွေးပွဲ မအောင်မြင်ပြီးနောက် စစ်ကောင်စီတပ်ဟာ TNLA ထိန်းချုပ်ထားတဲ့မြို့နယ် ၃ ခုမှာ လေကြောင်းတိုက်ခိုက်မှု ၁၀ ကြိမ်အထိ ပြုလုပ်ခဲ့ပြီး အရပ်သား ၁ ဦးသေဆုံးပြီး ၄ ဦးဒဏ်ရာရခဲ့ပါတယ်။

” မြို့ထဲမှာတော့ ပုံမှန်သွားလာနေကြတာပဲ။ လေယာဥ်တော့ ကြောက်ကြတယ်လေ။ ဘာမှ မတတ်နိုင်တာ” လို့ လေကြောင်းတိုက်ခိုက်ခံနေရတဲ့ မိုးကုတ်မြို့ရဲ့ အခြေအနေကို ဒေသခံတစ်ဦးက ပြောပြထားပါတယ်။

ဒီနေ့ မေလ ၅ ရက်မှာလည်း TNLA ထိန်းချုပ်ထားတဲ့ ကျောက်မဲမြို့ပေါ်ကို စစ်ကောင်စီက ဗုံးကြဲတိုက်ခဲ့တာကြောင့် လူထုတွေ စိုးရိမ်နေကြတယ်လို့ ကျောက်မဲဒေသခံ ဦးမောင်က ပြောပါတယ်။

” ရန်ကင်းဖက် အမြောက်တပ်ဖက် ကြဲတာ။ လေယာဥ်လည်းကြောက်၊ ပြေးလည်း စားဝတ်နေရေးက အဆင်မပြေ၊အလုပ်လက်မဲ့၊ စားရိတ်ကြီးတော့ ပြေးရခက်ပြန်တဲ့ဗျာ” လို့ ဆိုပါတယ်။

PSLF/TNLA ရဲ့ အထွေထွေအတွင်းရေးမှူး (၂) ဗိုလ်မှူးကြီးတားပန်လကတော့ ဆွေးနွေးပွဲမှာ နှစ်ဖက်သဘောတူညီမရမချင်း တိုက်ပွဲတွေ ဆက်ဖြစ်နေမှာဖြစ်ပြီး လူထုတွေအနေနဲ့ စစ်ရေးသတိရှိကြဖို့ တိုက်တွန်းထားပါတယ်။

ဖြစ်လာနိုင်တဲ့ TNLA ထိန်းချုပ်နယ်မြေ အပြောင်းအလဲ

တရုတ်နိုင်ငံရဲ့ ကြားဝင်မှုကြောင့် စစ်ကောင်စီနဲ့ ကိုးကန့်တပ်မတော်-MNDAA အကြား အပစ်ရပ်ဖို့ သဘောတူခဲ့ပြီးနောက် ကိုးကန့်တပ်ဟာ ၎င်းတို့ထိန်းချုပ်ထားတဲ့ လားရှိုးမြို့ကနေ ဆုတ်ခွာခဲ့ရပါတယ်။

TNLA တပ်ဘက်တော့ ၎င်းတို့ လက်လွတ်ထားရတဲ့ နယ်မြေတွေကို စစ်ကောင်စီထံ ပြန်ပေးဖို့ မရှိသေးဘူးလို့ ပြောထားပေမယ့် သြဂုတ်လမှာ ပြန်လုပ်မယ့် ဆွေးနွေးပွဲအပေါ်မှာ ထိန်းချုပ်မြို့တွေ စစ်ကောင်စီထံ ပြန်ပေး၊ မပေးဟာ အဓိက ကျနေပါတယ်။

တစ်ဖက်မှာလည်း ရှမ်းမြောက် နောင်ချိုမြို့နယ်ရှိ TNLAတပ်စခန်းတွေကို စစ်ကောင်စီက ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေပြီး တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပါတယ်။

CDM ဗိုလ်ကြီးဇင်ယော်ကတော့ စစ်ကောင်စီတပ်ဘက်က TNLA ထိန်းချုပ်နယ်မြေကို လေကြောင်းတိုက်ခိုက်မှုတွေ၊ မြေပြင်ထိုးစစ်တွေ ဆက်လုပ်နေရင် တအာင်းတပ်ရဲ့ ရပ်တည်ချက် ပြောင်းလဲနိုင်တယ်လို့ သုံးသပ်ပါတယ်။

“စစ်ကောင်စီက လေကြောင်းရော၊ မြေပြင်ထိုးစစ်ရော ဆက်လုပ်နေမယ်ဆိုရင် TNLA က လက်ခံမှာ မဟုတ်ဘူး။ နောက်တစ်ကြိမ် ဆွေးနွေးပွဲကို စောင့်ကြည့်ရမယ် အနေအထားလို့ ပြောရမယ်ဗျ”

စစ်ကောင်စီနဲ့ TNLA အကြား အပစ်ရပ်ရေးအတွက် တရုတ်နိုင်ငံက စီစဥ်ပေးခဲ့တာဖြစ်ပြီး တရုတ်နိုင်ငံရဲ့ ပါဝင်ကူညီမှုဟာ အရေးကြီးတယ်လို့ မနေ့ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

“ကျနော်တို့ နိုင်ငံအရေးဖြစ်တဲ့အတွက် ကျနော်တို့ နိုင်ငံသားတွေမှာပဲ အဓိက ဆုံးဖြတ်ပိုင်ခွင့် ရှိပါတယ်။ သို့ပေမယ့်လည်း ကျနော်တို့က အိမ်နီးချင်းနဲ့ရော ကမ္ဘာ့လူထုတွေနဲ့ရော ကင်းကွာလို့ မရပါဘူး” လို့ ဆိုပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

အသက်နဲ့ခန္ဓာ ဝမ်းတစ်ထွာ

အသက်နဲ့ ခန္ဓာကိုယ် ရင်းပြီး ဝင်ငွေရကြဖို့ အလုပ်လုပ်ကိုင်ကြတဲ့ အမျိုးသမီးငယ်တွေကို နယ်စပ်မြို့ဖြစ်တဲ့ တရုတ်-မြန်မာနယ်စပ် မူဆယ်မြိုနဲ့ ဝပြည်နယ် မိုင်းပေါက်၊ ပန်ဆိုင်းနဲ့ မိုင်းလား စတဲ့မြိုနယ်‌တွေမှာ အများစု တွေ့နေရပါတယ်။

ကျောက်မဲမြို့အနီး ရောက်လာတဲ့ အပြင်းအထန်ဆုံး တိုက်ပွဲ

တအာင်းတပ်မတော် – PSLF/TNLA ထိန်းချုပ်ထားတဲ့ ကျောက်မဲမြို့ကို ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့ စစ်ကောင်စီတပ်ဟာ ဒီနေ့ စက်တင်ဘာ ၂၉ ရက်အထိ ကျောက်မဲမြို့နဲ့ အနီးဆုံးရှိတဲ့ ခိုမုန်းကျေးရွာအနီးအထိ ရောက်ရှိလာပြီလို့ သိရပါတယ်။

ကျောက်မဲထိုးစစ်မှာ အသက်(၁၆)နှစ်အရွယ် သမီးဖြစ်သူကို အဓမ္မပြုကျင့်၊ သားအမိ ၃ ဦးလုံး ပစ်သတ်ခဲ့တဲ့ စစ်ကောင်စီတပ်

ကျောက်မဲမြို့နယ် နားအိုက်ခန့်ရွာအနီးရှိ လယ်ယာမှာရှိတဲ့ တဲအိမ်ထဲမှာ ပစ်သတ်ခံရပြီး သေဆုံးနေတဲ့ အသက် ၁၆ နှစ်အရွယ်ရှိ မနန်းလို့ အမည်လွှဲထားတဲ့ အမျိုးသမီးငယ်ရဲ့ ခန္ဓာကိုယ်အောက်ပိုင်းမှာ အဝတ်ဗလာနဲ့ ဖြစ်နေပါတယ်။

လူပေါင်း ၉၀ ကျော် သွေးစွန်းခဲ့တဲ့ နေ့

စစ်ကောင်စီရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် လူထုတွေ ပူဆွေးသောကဖြစ်နေရချိန် စစ်ကောင်စီ ထောက်ခံသူတွေကတော့ “သူပုန်” တွေ ထိန်းချုပ်ထားတဲ့မြို့မှာ လေယာဥ်နဲ့ သီချင်းဖွင့်ပြသွားတယ်ဆိုပြီး ဂုဏ်ယူဝင့်ကြွားစွာ အောင်ပွဲခံနေကြပါတယ်။