ခိုင်လေး၊ မေလ ၅ ရက်၊ ကောလင်း
စစ်ကိုင်းတိုင်း ကောလင်းမြို့နယ်ကနေ ကောလင်းမြို့ အရှေ့တောင်ဘက် ထွက်လာတဲ့ စစ်ကောင်စီ စစ်ကြောင်းက ဒေသခံအမျိုးသမီး ၁ ဦးကို ပစ်သတ်ခဲ့တယ်လို့ ကောလင်းဒေသခံတစ်ဦးက ရွှေဖီမြေကိုပြောပါတယ်။
မနေ့ မေလ ၄ ရက် မနက် ၈ နာရီခွဲက ကောလင်းအရှေ့တောင်ဘက် စစ်ကြောင်းထိုးလာတဲ့ စစ်တပ်က လမ်းပေါ် သွားလာနေတဲ့ အသက် ၅၀ ဝန်းကျင် အမျိုးသမီးတစ်ဦးကို ပစ်သတ်ခဲ့တာပဲ ဖြစ်ပါတယ်။
”တိုက်ပွဲ မဖြစ်ခင်မှာပေါ့။ စစ်ကြောင်း ထိုးလာရင်ကနေ လမ်းမှာမြင်တော့ ပစ်သတ်လိုက်တာ။ သေဆုံးသွားတာက တာရွာက ဒေသခံ။ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့လည်းပတ်သက်မှု မရှိဘူး။ အခုကတော့ မြေပြင်အခြေအနေက ငြိမ်နေတယ်”
မနေ့ ကောလင်းမြို့ကနေ အရှေ့တောင်ဘက် စစ်ကြောင်း ထွက်လာတဲ့ စစ်တပ်ကိုတော်လှန်ရေးတပ်ဖွဲ့က ပိတ်ဆို့တိုက်ခိုက်မှုကြောင့် တာရွာအနီး တိုက်ပွဲ ပြင်းထန်ခဲ့တယ်လို့ ၎င်းက ဆက်ပြောပါတယ်။
ပြီးခဲ့တဲ့ ၂ နှစ်ကျော်ကလည်း တာရွာ မြောက်ဘက်ပိုင်းက ဖမ်းဆီးရမိတဲ့ ပကဖ တစ်ဦးနဲ့ တာရွာက စိတ်ကျန်းမာရေး ချို့ယွင်းသူတစ်ဦးကို တာရွာမှာ စစ်တပ်က ပစ်သတ်ခဲ့တဲ့ဖြစ်စဉ်လည်း ရှိခဲ့ဖူးပါတယ်။
လက်ရှိမှာတော့ တာရွာထဲ ဒေသခံတွေ နေထိုင်ခြင်း မရှိတော့ဘဲ တောတောင်တွေဘက် တဲထိုးပြီး နေထိုင်ကြရပါတယ်။