ရွှေဖီမြေ၊ မေလ ၂ ရက်၊ မူးမြို့
ကရင်အမျိုးသား အစည်းအရုံး (KNU) ထိန်းချုပ်နယ်မြေ ညောင်လေးပင်ခရိုင်၊ မူးမြို့နယ်ထဲက စစ်ကောင်စီတပ် အထိုင်ချထားတဲ့ နေရာ ၆ ခုကို KNLA ဦးဆောင်တဲ့ တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တွေက သိမ်းပိုက်နိုင်ခဲ့တယ်လို့ KNU က ဒီနေ့ မေလ ၂ ရက်မှာ ထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီရဲ့ခြေလျင်တပ်ရင်း (ခလရ – ၆၀)နဲ့ (ခလရ – ၇၃) တပ်ပေါင်းစုမှ ထိုးစစ်ဆင် ခြေကုတ်ယူထားတဲ့ နောင်ကုန်း၊ ရင်းတိုက်ကုန်း၊ ရန်မျိုးအောင်၊ ရွာကြီးအင်းကျွန်းကုန်း(နိုကလော်)၊ တောင်စုကျေးရွာတွေကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ဦးဆောင်တဲ့ တော်လှန်ရေး ပူးပေါင်းတပ်တွေက ပြီးခဲ့တဲ့ ဧပြီ ၂၅ ရက် မနက် ၁ နာရီမှာ သိမ်းယူနိုင်ခဲ့တာလို့ ဆိုပါတယ်။
တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ရဲ့ လက်နက်ခဲယမ်း အချို့ သိမ်းဆည်းမိပြီး ဒုရင်းမှူး တစ်ဦးနဲ့ အရန်ခံဗိုလ် တစ်ဦး အပါအဝင် အများအပြား ထိခိုက်သေဆုံးခဲ့တဲ့အပြင် ဒဏ်ရာရရှိသူတွေ ရှိတယ်လို့လည်း ဖော်ပြထားပါတယ်။
ဒါ့အပြင် စစ်ကောင်စီက တပ်စွဲထားတာကြောင့် အနီးနားက ကျေးရွာခံတွေဟာ ဘေးလွတ်ရာကို ထွက်ပြေး တိမ်းရှောင် နေကြရတယ်လို့ ဆိုပါတယ်။