မိုင်းအရှိုင်း၊ မေလ ၂ ရက်၊ မန္တလေး
အပစ်ရပ်ကြောင်း ကြေညာထားတဲ့ စစ်ကောင်စီတပ်က မန္တလေးတိုင်း သပိတ်ကျင်း၊ မတ္တရာ နှင့် စဉ့်ကူးမြို့နယ်တွေမှာ လေကြောင်းတိုက်ခိုက်မှုတွေလုပ်ဆောင်ခဲ့ပြီး အဲဒီတိုက်ခိုက်မှုတွေကြောင့် ဧပြီလ တစ်လအတွင်း အရပ်သားပြည်သူ ၄၀ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။
စစ်ကောင်စီက စစ်ကိုင်းဗဟိုချက်ပြုတဲ့ ငလျင်လှုပ်ခတ်မှုကို အကြောင်းပြပြီး ဧပြီ ၂ ရက်မှာ အပစ်ရပ်ကြောင်း ကြေညာခဲ့ပြီး ၂၄ နာရီအတွင်း ဧပြီ ၃ ရက်မှာ တော်လှန်ရေးပူးပေါင်းတပ်တို့ ထိန်းချုပ်ထားတဲ့ သပိတ်ကျင်းမြို့နယ်အတွင်းကို မြေပြင်ထိုးစစ်အပြင် လေကြောင်းကနေ ပေါင် ၅၀၀ ဗုံးသီးတွေနဲ့ တိုက်ခိုက်ခဲ့ပါတယ်။
မန္တလေးတိုင်း မတ္တရာ၊ စဉ့်ကူး နှင့် သပိတ်ကျင်းမြို့နယ်အတွင်းရှိ အရပ်သားပြည်သူရှိတဲ့နေရာတွေကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။
လေကြောင်းတိုက်ခိုက်မှုကို သပိတ်ကျင်းမြို့နယ်က အပြင်းထန်ဆုံးခံစားရပြီး ဧပြီ ၁၈ နဲ့ ၁၉ နှစ်ရက်အတွင်း ကလေးအပါအဝင် အရပ်သား ၂၅ဦး ထက်မနည်း သေဆုံးခဲ့ပါတယ်။
သပိတ်ကျင်းမြို့နယ်အတွင်း ဗုံးကြဲတိုက်ခိုက်မှုတွေက ဧပြီ ၁၁ ရက်မှာ ပေါင် ၂၀၀ နဲ့ တစ်ကြိမ် (အရပ်သား ၄ ဦးဒဏ်ရာရ) ၊ ဧပြီ ၁၃ ရက်မှာ ဗုံး ၄ လုံး ( အရပ်သား ၂ ဦး သေဆုံး၊ ၈ ဦးဒဏ်ရာရ) ၊ ဧပြီ ၁၈ ရက်မှာ တစ်ကြိမ် ( ၁၂ ဦးအထက် သေဆုံး ) ၊ ဧပြီ ၁၉ ရက်မှာ တစ်ကြိမ် ( ၁၃ ဦးသေဆုံး) တို့ဖြစ်ကြပြီး တိုက်ခိုက်မှုတွေကြောင့် အရပ်သား ၃၁ ဦးနဲ့ အထက် သေဆုံးခဲ့ရပါတယ်။
မတ္တရာနဲ့ စဉ့်ကူးမြို့နယ်တွေမှာလည်း တစ်လအတွင်း စစ်ကောင်စီရဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် ၂ ဦးထက်မနည်းသေဆုံးပြီး ၇ ဦးနဲ့အထက် ဒဏ်ရာပြင်းထန်စွာရရှိခဲ့ပါတယ်။
အပစ်ရပ်ကြောင်းကြေညာတဲ့စစ်ကောင်စီက ဧပြီလ တစ်လအတွင်းမှာ မန္တလေးတိုင်း မြို့နယ် ၃ ခုကို ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ရွှေဖီမြေစုဆောင်းထားတဲ့ အချက်အလတ်အရ အဲဒီတိုက်ခိုက်မှုတွေကြောင့် လူ ၄၀ ဦးထက်မနည်း သေဆုံးခဲ့ကာ ၃၀ ကျော် ဒဏ်ရာရရှိခဲ့တယ်လို့ သိရှိထားပေမဲ့ နောက်ဆုံးသေဆုံးသူများရဲ့ အချက်အလက်ကို မသိရသေးပါဘူး။
မန္တလေးတိုင်းထဲ လှုပ်ရှားနေတဲ့ ပြည်သူ့ကာကွယ်ရေးတပ်- MDY က တစ်လအတွင်း စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် သပိတ်ကျင်းမှာ အရပ်သား ၅၀ ဦးနီးပါး သေဆုံးခဲ့ပြီး ၈၀ ဦးဝန်းကျင် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။