အိုက်ပွီး၊ မေလ ၁ ရက်၊ ဆော
မကွေးတိုင်း ဂန့်ဂေါခရိုင် ဆောမြို့နယ် အညာကတင်းရွာကို ဒီနေ့ မေလ ၁ ရက် မနက် ၁၁ နာရီခန့်မှာ လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်လို့ ကလေးငယ်တစ်ဦးအပါအဝင် အရပ်သား ၄ ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီတပ်က ဒီနေ့မနက် အညာကတင်းရွာကို တံတားဦးလေတပ်မှ ဂျက်ဖိုက်တာတစ်စီးနဲ့ ပေါင် ၂၅၀ ဗုံးသီးနှစ်လုံး လေကြောင်းကနေ ကြဲချတိုက်ခိုက်ခဲ့တာပဲ ဖြစ်ပါတယ်။
“ဒီနေ့ ရွာမှာ ဘာမှမရှိဘူး။ ထူးခြားတာလည်း မရှိဘူး။ ပုံမှန်အခြေအနေမျိုးမှာ အရပ်သားတွေက စစ်ရေးနဲ့ပတ်သက်လို့ ဘာမှမပြင်ဆင်တဲ့အချိန် စစ်ကောင်စီ ဗုံးကြဲသွားတာပါ။ စုစုပေါင်း နှစ်လုံးပါ။ အရပ်သားတွေနေတဲ့ ရွာတွေကို တမင် ဗုံးကြဲတိုက်ခိုက်လိုက်တာပါ” လို့ ဆောမြို့နယ် ဒေသခံတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။
လေကြောင်း တိုက်ခိုက်မှုကြောင့် အညာကတင်းရွာက အသက် ၆၅ နှစ်အရွယ် ဒေါ်မကြည်လေး၊ ၅၂ နှစ်အရွယ် ဒေါ်တင်တင်ခိုင်၊ ၃၈ နှစ်အရွယ် ဒေါ်ပြားသာနဲ့ ၈ နှစ်အရွယ် မိန်းကလေးငယ်တို့ သေဆုံးခဲ့ပါတယ်။
“အမျိုးသမီး ၃ ယောက်လောက်က နေရာမှာပဲ ပွဲချင်းပြီး သေဆုံးသွားတာပါ။ မိန်းကလေးငယ်ကျတော့ ဆေးကုသဖို့ ပို့ဆောင်ရင်း လမ်းမှာ ဆုံးသွားတာ။ ရှာဖွေကယ်ဆယ်ရေးတွေ လုပ်ဆောင်နေတာကြောင့် ဒီထက် ထိခိုက်သေဆုံးမှု ရှိနိုင်သေးတယ်” လို့ ဆောမြို့နယ် ဒေသခံတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။
ဒါ့အပြင် အညာကတင်းရွာက စာသင်ကျောင်းတစ်ဆောင်အပါအဝင် အရပ်သားနေအိမ် ၅ လုံးထက်မနည်း ဗုံးထိမှန်လို့ ပျက်စီးသွားပါတယ်။