ခိုင်လေး၊ ဧပြီ ၂၉ ရက်၊ ဝန်းသို
စစ်ကိုင်းတိုင်း ဝန်းသိုမြို့နယ် အာမခံရွာအနီးက ကလေးငယ်နှစ်ဦး အပါအဝင် ဒေသခံ (၇)ဦး ဖမ်းဆီး သတ်ဖြတ်ခံရတာဟာ စစ်ကောင်စီလက်ချက်ဖြစ်တယ်လို့ ဝန်းသိုမြို့ PDF မှ တာဝန်ရှိသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
ပြီးခဲ့တဲ့ ဧပြီ ၂၆ ရက်နေ့ ဝန်းသိုမြို့ အရှေ့ဘက် တစ်မိုင်ကျော်က အာမခံရွာအနီးမှာ စစ်ကောင်စီတပ်ရဲ့ စစ်ကြောင်းထိုးလာတာနဲ့ တိုးပြီး စစ်ကောင်စီတပ်သားတွေက ဖမ်းဆီး စစ်ဆေးပြီး သတ်ဖြတ်ခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။
”ဖြစ်သွားတာက မနက် စောစော ၄ နာရီမှာ ဖြစ်ဖို့များတယ်။ စစ်တပ်က ကျောက်တိုင်ရွာဘက်ကို စစ်ကြောင်းထိုးတာ အဲနားရောက်တော့ စစ်တပ် ဓာတ်မီးထိုးပြီး ရုန်းရုန်းစတဲ့ အသံတွေကြားတယ် လို့ အဲကဒေသခံတွေပြောပြတယ်။ သေတာကို သိတာကတော့ မနက် ၈ နာရီ အချိန်လောက်မှာပေါ့။ သေသွားတဲ့သူတွေက သာမန်ဈေးသည်တွေပါ ရွာတွေထဲကိုဈေးလှည့်ရောင်းသူတွေ။ ရိုက်နှက်မေးမြန်းရာကနေ လက်လွန်သွားတာလို့ ကြားသိရတယ်” လို့ ဝန်းသိုမြို့ PDF မှ တာဝန်ရှိသူက ပြောပါတယ်။
စစ်ကောင်စီတပ်ရဲ့ ဖမ်းဆီးသတ်ဖြတ်ခြင်းကို ခံခဲ့ရသူက မြို့သစ် (၁) ရပ်ကွက်မှ မိသားစုဖြစ်တဲ့ ကိုလင်း၊ မနန္ဒာလှိုင်၊ ၎င်းတို့ရဲ့ တစ်နှစ်ကျော်အရွယ် ကလေးငယ် အပါအဝင် ၃ ဦး၊ စက်ဝင်းရပ်ကွက်မှ မဝင်းရီ ၊မချစ်စု ၊မအေးသူ နဲ့ ၎င်းရဲ့ လသားအရွယ် ကလေးငယ် အပါအဝင် ၄ ဦး စုစုပေါင်း ၇ သေဆုံးခဲ့ပါတယ်။
အလောင်း ၇ ခုတွေရှိတဲ့ နေရာဟာ ဝန်းသို ခမရ (၁၁၁) ၊ ခမရ (၁၂၀) စိုးမိုးထားတဲ့ နေရာဖြစ်ပြီး အဲဒီအနီး တစ်ဝိုက်တွေမှာလည်း ဗျူစောထီးတွေနဲ့ စစ်ကောင်စီတွေ စိုးမိုးထားတဲ့ ဒေသဖြစ်တာကြောင့် PDF တွေ သွားလာတာမျိုးမရှိဘူးလို့ သူကဆက်ပြောပါတယ်။
သေဆုံးသူတွေရဲ့ ကိုယ်ခန္ဓာမှာ စစ်ဆေးမေးမြန်းမှုကြောင့် ဓားထိုးရာ ဓားမွန်းရာစတဲ့ ဒဏ်ရာဒဏ်ချက်တွေ ရှိထားတာကို တွေ့ရှိကြောင်း ပြောဆိုပါတယ်။
အဲသတ်ဖြတ်မှုနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်က တစ်စုံတစ်ရာထုတ်ပြန်ပြောဆိုတာမျိုး မရှိသေးပါဘူး။