ရွှေဖီမြေ၊ ဧပြီ ၂၈ ရက်
“၀”ပြည် သွေးစည်းညီညွတ်ရေး တပ်မတော်- UWSA ထိန်းချုပ်ဒေသက အွန်လိုင်း ငွေလိမ်လုပ်ငန်း ကျားဖျန့် လုပ်ကိုင်သူ တရုတ်နိုင်ငံသား ၇၂ ဦးကို တရုတ်နိုင်ငံထံ ထပ်မံ လွှဲပြောင်းပေးခဲ့တယ်လို့ UWSA ရဲ့ တရားရေးကော်မရှင်က ထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ ဧပြီ ၂၅ ရက်က ကျားဖျန့် လုပ်ကိုင်သူ ၇၂ ဦးနဲ့အတူ ဆက်စပ်ပစ္စည်းတွေကို တရုတ်နယ်စပ်ဂိတ်ရှိရာ Meng’a ဆိပ်ကမ်းကနေတဆင့် တရုတ်ထံ လွှဲပြောင်းပေးခဲ့တာလို့ ဆိုပါတယ်။
“၀”ပြည်ထဲက ကျားဖျန့်လုပ်ငန်းလုပ်တဲ့ တည်နေရာ ၄ ခုကို “ဝ”ပြည်နယ် တရားစီရင်ရေးကော်မတီက ဝင်ရောက် စစ်ဆေးခဲ့ပြီး တရုတ်နိုင်ငံသား သံသယရှိသူ ၇၁ ဦးနဲ့အတူ ဖုန်း ၃၀၁ လုံး၊ ကွန်ပြူတာ ၁၃ လုံး၊ လက်တော့ပ် ၉ လုံးနဲ့ တက်ဘလက် ၉ လုံးတို့ကို သိမ်းဆည်းရမိခဲ့ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ကျားဖျန့် လုပ်ကိုင်သူတွေဟာ နယ်စပ်ဂိတ်ဖြတ်ကျော်ကာ တရားမဝင် လမ်းကြောင်းကနေတဆင့် “ဝ”ပြည်နယ်ထဲ ခိုးဝင်လာကြတာဖြစ်ပြီး “ဝ”ပြည်နယ် တရားစီရင်ရေး ကော်မတီကလည်း “ဝ”ပြည်နယ်ထဲက ကျားဖျန့်လုပ်ငန်းတွေကို ဆက်တိုက် ဖမ်းဆီး နှိမ်နင်းမှု ဆက်လက် ပြုလုပ်သွားမှာဖြစ်သလို ရာဇ၀တ်မှုဆိုင်ရာ လှုပ်ရှားမှုနဲ့ နယ်စပ်ဖြတ်ကျော် စီးဆင်းမှုကိုလည်း တားဆီးသွားမယ်လို့ ဆိုပါတယ်။
အထက်ပါကိစ္စနဲ့ ပတ်သက်ပြီး အသေးစိတ် သိရဖို့ UWSA ရဲ့ လားရှိုးမြို့ရှိ “၀”ပြင်ပဆက်ဆံရေးရုံးတာဝန်ခံ ဦးညီရန်းကို ရွှေဖီမြေက ဆက်သွယ်မေးမြန်းထားပေမဲ့ ပြန်လည်ဖြေကြားတာ မရှိသေးပါဘူး။
အလားတူ ဧပြီလ ပထမအပတ်ထဲ ကျားဖျန့် လုပ်ကိုင်သူ ၄၈ ဦး၊ မတ်လ ၁၃ ရက်မှာ တရုတ်နိုင်ငံက အလိုရှိ ကျားဖျန့်ခေါင်း ဆောင် ၂ ဦးနဲ့ တရုတ်နိုင်ငံသား ၁၆ ဦးကို UWSA က တရုတ်ထံ လွှဲပြောင်းပေးခဲ့ပါတယ်။
“၀”ပြည်နယ်အတွင်း အွန်လိုင်း ငွေလိမ် လုပ်ငန်းကို အကူအညီပေးတဲ့ မည်သူကိုမဆို အပြစ်ပေး အရေးယူသွားမယ်လို့ UWSA ရဲ့ တရားရေးရာ လုပ်ငန်းကော်မတီက ပြီးခဲ့တဲ့ ဧပြီ ၂၆ ရက်မှာ ထုတ်ပြန်ထားပါတယ်။