အိုက်ပွီး၊ ဧပြီ ၂၈ ရက်
ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ရိုဟင်ဂျာလူမျိုးအတွက် သီးခြားလွတ်လပ်တဲ့ ပြည်နယ်တစ်ခု ပေါ်ပေါက်လာဖို့ တရုတ်နဲ့ ဘင်္ဂလားဒေ့ရှ် အင်အားကြီးပါတီနှစ်ခု ဆွေးနွေးခဲ့တယ်လို့ မနေ့ ဧပြီ ၂၇ ရက်က ဘင်္ဂလားဒေ့ရှ်သတင်းဌာနတွေမှာ ဖော်ပြနေပါတယ်။
မနေ့ ဧပြီ ၂၇ ရက် တရုတ်ကွန်မြူနစ်ပါတီ ထိပ်တန်း ကိုယ်စားလှယ်အဖွဲ့ ရောက်ရှိလာစဥ် ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ အင်အားကြီးနိုင်ငံရေးပါတီတစ်ခုဖြစ်တဲ့ Jammat-e-Islami ပါတီတို့ တွေ့ဆုံ ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။
အဲဒီဆွေးနွေးမှုမှာ ရိုဟင်ဂျာအရေးနဲ့ပတ်သက်ပြီး Jammat-e-Islami ပါတီ ဒုဥက္ကဌ ဆိုင်ယက်ဒ် အဗ္ဗဒူလ္လာဟ် မိုဟာမက် တာဟေရ်က ပြောဆိုလိုက်တာ ဖြစ်ပါတယ်။
ဒါ့အပြင် ဆိုင်ယက်ဒ် အဗ္ဗဒူလ္လာဟ် မိုဟာမက် တာဟေရ်က “တရုတ်နိုင်ငံဟာ မြန်မာ့နိုင်ငံအရေး အလွန်ကြီးမားတဲ့ အခန်းကဏ္ဍမှာ ရှိပါတယ်” လို့ သူက ပြောဆိုပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာ ရိုဟင်ဂျာဒုက္ခသည် ၁ သန်းကျော်ကို လက်ခံထားပြီး သူတို့တွေဟာ နေရာထိုင်ခင်းနဲ့ စားနပ်ရိက္ခာ အကူအညီ ထောက်ပံ့ရုံနဲ့ မပြေလည်နိုင်သေးဘူးလို့ သတင်းထောက်တွေ မေးမြန်းရာမှာ ဆိုင်ယက်ဒ် အဗ္ဗဒူလ္လာဟ် မိုဟာမက် တာဟေရ်က ပြောဆိုခဲ့ပါတယ်။
ဆက်လက်ပြီး ဆိုင်ယက်ဒ် အဗ္ဗဒူလ္လာဟ် မိုဟာမက် တာဟေရ်က “ရိုဟင်ဂျာလူမျိုးတွေဟာ လူသား မဆန်တဲ့ ဘဝတွေကို ဖြတ်သန်းနေရပါတယ်” လို့ မီဒီယာတွေကို ဖြေကြားထားပါတယ်။
ဒါကြောင့် ရိုဟင်ဂျာလူမျိုးအတွက် ကိုယ်ပိုင်နယ်မြေအဖြစ် ရခိုင်မြောက်ပိုင်းအတွင်း သတ်မှတ်ပြီး သီးခြားလွတ်လပ်တဲ့ နယ်မြေအတွင်း ရိုဟင်ဂျာလူမျိုးတွေကို ပြန်လည် နေရာချပေးဖို့ ပြောဆိုထားပါတယ်။
“ရိုဟင်ဂျာအရေး ဖြေရှင်းဖို့အတွက် ရိုဟင်ဂျာတွေ ဂုဏ်သိက္ခာရှိစွာ နေရပ်ပြန်နိုင်ရေး၊ နေထိုင်နိုင်ရေးတို့အတွက် ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာအတွက် “ဘေးကင်းဇုံ”တစ်ခု ရှိရမယ်” လို့ ဘင်္ဂလားဒေ့ရှ်အစိုးရအဖွဲ့ခေါင်းဆောင် ပါမောက္ခ မိုဟာမက် ယူနွတ်စ်ကလည်း ဆိုပါတယ်။
“ရိုဟင်ဂျာလူမျိုး မူလနေရပ်ဖြစ်တဲ့ ရခိုင်ပြည်နယ်မှာ အမြန်ဆုံး ပြန်နိုင်ရေးအတွက် ဘင်္ဂလားဒေ့ရှ် စစ်တပ်က ပြောဆိုလျက် ရှိနေပါတယ်။ ဒါကြောင့် ရိုဟင်ဂျာတွေ နေရပ်ပြန်နိုင်ရေးအတွက် နည်းလမ်းမျိုးစုံကနေ ကြိုးပမ်းဆောင်ရွက်သွားမယ်” လို့ Jammat-e-Islami ပါတီ ဒုဥက္ကဌက ဆိုပါတယ်။
Jammat-e-Islami ပါတီဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ လူထုထောက်ခံမှု အများဆုံးနဲ့ အင်အားအကြီးဆုံး ပါတီတစ်ခုလည်း ဖြစ်ပါတယ်။
လက်ရှိ စစ်တွေမြို့ကလွှဲပြီး ရခိုင်ပြည်နယ်မြောက်ပိုင်း မြို့နယ်အားလုံးကို အာရက္ခတပ်တော်- AA က သိမ်းပိုက်ထိန်းချုပ်ထားပါတယ်။