ရွှေဖီမြေ၊ ဧပြီ ၂၅ ရက်၊ နမ့်ဆန်
တအာင်းဒေသ နမ့်ဆန်မြို့နယ် အာရမ်းကျေးရွာအုပ်စုထဲက ကျေးရွာတစ်ရွာမှ အသက် ၅ နှစ်အရွယ် ကလေးငယ်ကို အဓမ္မပြုကျင့်ခံရမှုမှာ သံသယရှိသူ အမျိုးသားကို တအာင်းတပ်မတော်- TNLA က ဖမ်းဆီးထားပြီး အရေးယူဖို့ ပြင်ဆင်နေတယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။
အဆိုပါ အမျိုးသားကို နမ့်ဆန်မြို့နယ် ရဲတပ်ဖွဲ့က မနေ့ ဧပြီ ၂၄ ရက်မှာ သွားရောက် ဖမ်းဆီးခဲ့ပြီး စစ်ဆေးမှု ပြုလုပ်နေတယ်လို့ တအာင်းတပ်မတော်ဘက်မှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
ပြစ်မှု ကျူးလွန်ခဲ့သူကို ဥပဒေနဲ့အညီ အရေးယူဆောင်ရွက်နိုင်ဖို့ ရဲတပ်ဖွဲ့ဘက်က အဓမ္မ ပြုကျင့်ခံရတဲ့ ကလေးငယ်ရဲ့ မိဘနဲ့အတူ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ထုတ်ပြန်ချက်ထဲ ဖော်ပြထားပါတယ်။
ပြီးခဲ့တဲ့ ဧပြီ ၁၈ ရက်မှာ အသက် ၅ နှစ်အရွယ်သာ ရှိသေးတဲ့ ကလေးငယ်ကို အစ်ကိုဝမ်းကွဲ တော်စပ်သူက လက်ဖက်ခြံတစ်ခုရဲ့ ချောက်တစ်ခုထဲ ခေါ်သွားပြီး အဓမ္မ ပြုကျင့်ခဲ့တာပဲ ဖြစ်ပါတယ်။
လက်ရှိမှာတော့ အဓမ္မ ပြုကျင့်ခံရတဲ့ ကလေးငယ်ဟာ မူဆယ်မြို့မှာ ဆေးကုသမှု ခံယူနေရတယ်လို့ သိရပါတယ်။