ခိုင်လေး၊ ဧပြီ ၂၄ ရက်၊ ဒီပဲယင်း
စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ် လက်လှုပ်ရွာ(လက်လှုပ်တောရွာ)မှာ တိုက်ပွဲ ဖြစ်ပွားတာမရှိဘဲ လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ ၅ ဦး သေဆုံးပြီး ၆ ဦး ဒဏ်ရာ ရခဲ့ပါတယ်။
မနေ့ ဧပြီ ၂၃ ရက် မနက် ၁၁ နာရီခန့်မှာ တံတားဦးလေတပ်ကနေ တက်လာတဲ့ ဂျက်ဖိုက်တာတစ်စီးက ဗုံး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့ရာ ၁၃ နှစ်အရွယ် ကလေးငယ်တစ်ဦးနဲ့ ၈၀ အရွယ် အဖွားတစ်ဦးအပါအဝင် အမျိုးသမီး ၃ ဦး၊ အမျိုးသား ၂ ဦး ပွဲချင်းပြီး သေဆုံးခဲ့တယ်လို့ ဒီပဲယင်းမြို့နယ်ညီနောင်များရဲ့ တာဝန်ခံ ကိုကြီးဖြိုးက ရွှေဖီမြေကို ပြောပါတယ်။
”လေကြောင်း ပစ်ခတ်မှုက ၂ နေရာ။ လက်လှုပ်ရွာမှာက ဘယ်နှလုံးရယ်လို့ အတိအကျ မသိရဘူး။ စိုင်ပြင်မှာတော့ ၂ လုံး ချတယ်။ လက်လှုပ်ရွာက ထိခိုက်မှုတော့ ပြည်သူငါးဦး သေဆုံးတယ်။ ဒဏ်ရာရသူတွေထဲ ပြင်းထန်သူတွေ ပါတယ်လို့ သိရပါတယ်”
အလားတူ ပြီးခဲ့တဲ့ ဧပြီ ၁၂ ရက်ကလည်း ကျခက်ရွာ ဘုန်းကြီးကျောင်းကို လေကြောင်းနဲ့ တိုက်ခိုက်တာကြောင့် ကိုရင် ၃ ပါး၊ ကျောင်းသား ၁ ဦး၊ စစ်ရှောင်သူတစ်ဦး စုစုပေါင်း ၅ ဦး သေဆုံးခဲ့ပါတယ်။
ဧပြီလအတွင်း ဒီပဲယင်းမြို့နယ်ထဲ ဂျက်ဖိုက်တာနဲ့ ၂ ကြိမ် တိုက်ခိုက်ခံရမှုကြောင့် အသက်မပြည့်သေးတဲ့ ကလေးငယ် ၅ ဦး၊ သက်ကြီးရွယ်အိုအပါအဝင် သေဆုံးသူ ၁၀ ဦးအထိ ရှိခဲ့ပါတယ်။