ပို့လဘား၊ ဧပြီ ၂၃ ရက်၊ နမ့်ဆန်
တအာင်းဒေသ နမ့်ဆန်မြို့နယ် အာရမ်းကျေးရွာအုပ်စုထဲက အသက် ၅ နှစ်အရွယ် ကလေးငယ်တစ်ဦးကို အသက် ၂၀ နှစ်အရွယ် အစ်ကိုဝမ်းကွဲတော်စပ်သူက အဓမ္မ ပြုကျင့်ခဲ့တယ်လို့ ဖြစ်စဉ်သိရှိသူ အမျိုးသမီးတစ်ဦးရဲ့ ပြောပြချက်အရ သိရပါတယ်။
အသက် ၅ နှစ်အရွယ်သာ ရှိသေးတဲ့ ကလေးငယ်ကို ပြီးခဲ့တဲ့ ဧပြီ ၁၈ ရက်မှာ အစ်ကိုဝမ်းကွဲ တော်စပ်တဲ့ အိုက်စိန်ဆိုသူက ချောက်တစ်ခုထဲ ခေါ်သွားပြီး အဓမ္မ ပြုကျင့်ခဲ့တယ်လို့ ဆိုပါတယ်။
“သူတို့(ကျူးလွန်သူ)သားအမိက အဲရွာကလူ မဟုတ်ဘူး။ သူ့အမေရဲ့ ညီမအိမ်မှာ လာနေပြီး လက်ဖက် လာခူးတာပေါ့။ အဲဒီကောင်လေးက သူ့အမေရဲ့ တူပေါ့နော်။ သူ့ညီမရဲ့သားဆိုတော့ ဘာမှမဖြစ်လောက်ဘူးပေါ့။ အဲနေ့က သူတို့လက်ဖက်သွားခူးတာ။ သူတို့ခူးတဲ့နေရာက ကုန်းနည်းနည်းစောင်းတာပေါ့နော်။ သူ့အမေက သူ့သမီးကို အဲမှာ မြေပြန့်တယ်ဆိုပြီး နေခိုင်းတယ်။ သူ့အမေက အောက်မှာ သွားခူးမယ်ဆိုပြီး သွားလိုက်တာ။ အဲဒီအချိန်မှာပဲ အဲဒီကောင်လေးက ရောက်လာပြီး ကလေးကို ချောက်ထဲ ခေါ်သွားတယ်။ ပြီးမှ ကလေးရဲ့ မိန်းမကိုယ်ကို ဓားနဲ့ခွဲပြီး အဓမ္မ ကျင့်လိုက်တာ”
အဓမ္မ ပြုကျင့်ခံရတဲ့ ကလေးငယ်ဟာ လက်ရှိမှာတော့ မူဆယ်မြို့မှာ ဆေးကုသမှု ခံယူနေရတယ်လို့ ဆိုပါတယ်။
ကျူးလွန်သူ အိုက်စိန်ကိုတော့ လက်ရှိအချိန်ထိ တစ်စုံတစ်ရာ တိုင်ကြားတာ၊ အရေးယူတာ မရှိသေးဘူးလို့ အထက်ပါ အမျိုးသမီးက ဆက်ပြောပါတယ်။