မိုင်းရူပ၊ ဧပြီ ၂၂ ရက်၊ ဖယ်ခုံ
ရှမ်းတောင် ဖယ်ခုံမြို့နယ် ခေါင်းအိရွာသစ်မှာ တိုက်ပွဲ ဖြစ်ပွားတာမရှိဘဲ စစ်ကောင်စီတပ် ပစ်ခတ်တဲ့ လက်နက်ကြီးကြောင့် ကလေးငယ် ၃ ဦးအပါအဝင် အရပ်သား ၇ ဦး ဒဏ်ရာ ရခဲ့တယ်လို့ မြေပြင်အခြေအနေသိရှိသူတွေက ရွှေဖီမြေကို ပြောပါတယ်။
မနေ့ ဧပြီ ၂၁ ရက် နေ့လယ် ၁ နာရီဝန်းကျင်မှာ ဖယ်ခုံမြို့ပေါ်ရှိ စစ်တပ်က ခေါင်အိရွာထဲ လက်နက်ကြီး ၁၀ လုံးထက်မနည်း ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကလေးငယ် ၃ ဦးအပါအဝင် အရပ်သား ၇ ဦး ဒဏ်ရာ ရခဲ့ပြီး အဲဒီထဲက အမျိုးသမီးတစ်ဦး ဒဏ်ရာပြင်းထန်ခဲ့တယ်လို့ ဆိုပါတယ်။
“ထိခိုက်ဒဏ်ရာရသူအားလုံး ၇ ဦးပါ။ အမျိုးသမီးတစ်ဦး ဒဏ်ရာ ပြင်းထန်တယ်။ တိုက်ပွဲ ဖြစ်ပွားတာ မရှိပါဘူး” လို့ ရှမ်းတောင်စစ်ဒေသခွဲ PDF အမှတ်(၁) ဗျူဟာရဲ့ သတင်းပြန်ကြားရေးတာဝန်ခံက ရွှေဖီမြေကို ပြောပါတယ်။
ဒဏ်ရာရသူတွေကို ဖယ်ခုံ ကျန်းမာရေးကယ်ဆယ်ရေးအဖွဲ့- PKHC က ဆေးကုသပေးနေတယ်လို့ သိရပါတယ်။
စစ်တပ်ဟာ ဒီနေ့ ဧပြီ ၂၂ ရက်အထိ ၃ ပတ်ကြာ အပစ်ရပ်မယ်လို့ ထုတ်ပြန်ထားပေမဲ့ တော်လှန်ရေး အင်အားစုတွေ ထိန်းချုပ်ထားတဲ့ ဒေသကို လေကြောင်းနဲ့ တိုက်ခိုက်တာ၊ ထိုးစစ်ဆင်တာတွေ ဆက်လက် လုပ်ဆောင်နေပါတယ်။
ငလျင်သင့်တဲ့ ဒေသတွေမှာ ကူညီကယ်ဆယ်ရေး လုပ်ဆောင်နိုင်ဖို့ မနက်ဖြန် ဧပြီ ၂၃ ရက်ကနေ ဧပြီ ၃၀ ရက်အထိ ယာယီ အပစ်ရပ် တိုက်ခိုက်မှုသက်တမ်း တိုးမြှင့်ကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။