မြတ်နိုး၊ ဧပြီ ၂၂ ရက်၊ ပူတာအို
ကချင်ပြည်နယ် ပူတာအိုမြို့နယ် မူလာဒီရွာခံတွေကို သတ်ဖြတ်နေတဲ့ ဆင်ရိုင်းကို ဒီနေ့ ဧပြီ ၂၁ ရက် နေ့လယ်ပိုင်းက ပစ်သတ်လိုက်ကြောင်း ဒေသခံတွေဆီက သိရပါတယ်။
“ဒီနေ့ ဧပြီလ ၂၁ ရက်နေ့ နေ့လယ်တုန်းက ပစ်သတ်နိုင်ခဲ့တာလို့ပြောတယ်” လို့ ဒေသခံ လူငယ်တစ်ဦးက ပြောပါတယ်။
နေ့လယ် ၁၂ နာရီကျော်က တောင်ယာအနီးမှာ ရဝမ် ပြည်သူ့စစ် ရဲဘော်တစ်ဦးက ပစ်သတ်နိုင်ခဲ့တာလို့ ဆိုပါတယ်။
“သစ်ပင်ပေါ်ကနေ သေနတ်ကို Auto ဆွဲပြီး ပစ်သတ်လိုက်တာ။ နှလုံးနားကို ပစ်တာ” လို့ ဆင်ကို ပစ်သတ်နိုင်ခဲ့သူက မှတ်တမ်း Video file မှာ ပြောဆိုထားပါတယ်။
စိတ်ရိုင်း ဝင်နေတဲ့ အဲဒီဆင်က ဧပြီ ၁၆ ရက်ကနေ ၁၈ ရက်အထိ ဒေသခံ ၅ ဦးကို သတ်ဖြတ်ခဲ့လို့ ဆင်ထိန်းအပါအဝင် ဒေသခံနဲ့ ပြည်သူ့စစ်ဘက်က ရှင်းလင်းပစ်သတ်ဖို့ ကြိုးစားခဲ့ရာ ဧပြီ ၁၉ ရက်ကလည်း မအောင်မြင်ခဲ့ပေမဲ့ ဒီနေ့ နေ့လယ်ပိုင်းမှာတော့ ပစ်သတ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။
ဆင်ရိုင်း အန္တရာယ်ကြောင့် မူလာဒီရွာ အပါအဝင် အနီးနားရွာက ဒေသခံတွေဟာ မူလာရှီးဒီးဘက် တိမ်းရှောင်ခဲ့ကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။