ပျားကြီး၊ ဧပြီ ၂၁ ရက်၊ ဆိပ်ဖြူ
မကွေးတိုင်း ဆိပ်ဖြူမြို့နယ် အိုင့်ကြီးကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းကနေ တိုက်ခိုက်ခဲ့တာကြောင့် အမျိုးသမီး ၂ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တဲ့အထဲ ၁ ဦးက အသက်အန္တရာယ် စိုးရိမ်ရတဲ့အခြေအနေ ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီနေ့ နေ့လယ် ၂ နာရီခန့်က ဆိပ်ဖြူမြို့နယ်အနောက်ဖက်ဆုံး ဆောနယ်စပ်မှာရှိတဲ့ အိုင့်ကြီးရွာအနီးက စစ်ဘေးရှောင် တဲတွေကိုပစ်မှတ်ထား တိုက်ခိုက်ခဲ့တာပဲ ဖြစ်ပါတယ်။
“လေယာဥ်လာတော့ အကုန်လုံး ဗုံးခိုကျင်းတွေထဲ ပြေးဝင်ကြတာ ဒုတိယအလုံး ကြဲချတဲ့အချိန် သူတို့က နည်းနည်းနောက်ကျသွားလို့ ထိတာ။ တစ်ယောက်က တော်တော်အခြေအနေ ဆိုးတယ်” လို့ အသက် ၄၈ နှစ်အရွယ် ဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။
ထိခိုက်ဒဏ်ရာ ရသူတွေထဲက အသက် ၄၅ နှစ်အရွယ် ဒေါ်ထွေးကြည်ဟာ လက်ဝဲဖက် တံတောင်အောက်ကနေ ဗုံးစက ဖောက်ဝင်ပြီး ရင်အုံအောက်ပိုင်းမှာလည်း ဖောက်ဝင်ဒဏ်ရာ ရရှိခဲ့တာကြောင့် အသက်အန္တရာယ်စိုးရိမ်ရတဲ့အခြေအနေမှာ ရှိနေတာ ဖြစ်ပါတယ်။
စစ်တပ်ဟာ ဒီနေ့တစ်ရက်တည်းအတွင်း မကွေးတိုင်း၊ မန္တလေးတိုင်းနဲ့ စစ်ကိုင်းတိုင်းက နေရာတချို့ကို လေကြောင်း တိုက်ခိုက်မှု ဆက်တိုက် ပြုလုပ်ခဲ့တာကြောင့် ထိခိုက်သေဆုံးမှု များခဲ့ပါတယ်။