ရွှေဖီမြေ၊ ဧပြီ ၂၁ ရက်၊ နေပြည်တော်
စစ်ကောင်စီ ရုံးစိုက်ရာ နေပြည်တော် ဥတ္တရသီရိမြို့နယ် လမ်းပိုင်းတစ်နေရာမှာ စစ်ဆေးရေး ပြုလုပ်နေစဥ် စစ်ကောင်စီတပ်ရဲ့ အမှတ်(၁၃) ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ ၁၃)မှ ဗိုလ်မှူးအပါအဝင် ၃ ဦး ဖမ်းဆီးရမိခဲ့ကြောင်း ပြည်သူ့လွတ်မြောက်ရေး တပ်မတော်- PLA က ဒီနေ့ ဧပြီ ၂၁ ရက်မှာ ထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ ဧပြီ ၁၉ ရက်က ဥတ္တရသီရီမြို့နယ်ထဲက လမ်းပိုင်းတစ်နေရာမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် အမှတ်(၁၃) ကာကွယ်ရေးပစ္စည်းစက်ရုံ၊ စက်ရုံဌာနချုပ်က ဗိုလ်မှူး ဖြိုးမင်းကျော်၊ အမှတ် (၉၁၀) စစ်မြေပြင်အင်ဂျင်နီယာတပ်ရင်း အမှတ်(၃) တပ်ခွဲက တပ်ကြပ် အောင်ဇော်နိုင်နဲ့ ရဲ ဒုတပ်ကြပ် ထွန်းပြည့်စုံတို့ကို ဖမ်းဆီးမိခဲ့တာလို့ ဆိုပါတယ်။
ဒါ့အပြင် စစ်ကောင်စီတပ်ဖွဲ့ဝင်နဲ့အတူ စစ်ဘက်ဆိုင်ရာ အသုံးအဆောင်ပစ္စည်းနဲ့ ငွေကြေးအပါအဝင် ကာလတန်ဖိုး ကျပ်သိန်း ၂ ထောင်ကျော်ကိုပါ သိမ်းဆည်းရမိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင်ကို ဖမ်းဆီးမိခဲ့ပြီးနောက် ပြန်လည် ဆုတ်ခွာချိန်မှာ စစ်တပ်နဲ့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့တာကြောင့် ဖမ်းဆီးရမိခဲ့တဲ့ စစ်ကောင်စီ ဗိုလ်မှူးနဲ့အဖွဲ့ သေဆုံးသွားခဲ့တယ်လို့ ထုတ်ပြန်ချက်ထဲ ဖော်ပြထားပါတယ်။