မိုင်းရူပ၊ ဧပြီ ၉ ရက်၊ ဝန်းသို
စစ်ကိုင်းတိုင်း ဝန်းသိုမြို့နယ် နမ်းခမ်းရွာ (ဂျိုးတောင်နမ်းခမ်း)ကို စစ်ကောင်စီတပ် ဗုံးကြဲတိုက်ခိုက်ရာ ကလေးငယ်အပါအဝင် ၂၄ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။
ဒီနေ့ ဧပြီ ၉ ရက် နေ့လယ် ၃ နာရီဝန်းကျင်မှာ နမ်းခမ်းရွာကို ဂျက်လေယာဥ် ၃ စီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ည ၆ နာရီဝန်းကျင်မှာ ဂျက်လေယာဥ်နဲ့ ၁ ကြိမ် ဗုံး ထပ်ကြဲခဲ့တာပဲ ဖြစ်ပါတယ်။
“အခုလောလောဆယ်တော့ ၂၄ ဦး စာရင်း သိရပြီဗျ။ ရှာဖွေပြီးတော့ အတည်ပြုနေဆဲပါ။ ဒဏ်ရာရသူကတော့ အများအပြားပဲ လောလောဆယ် သေဆုံးပဲ ဆက်လက်လုပ်ဆောင်နေရတယ်” လို့ မြေပြင်သတင်း ရရှိထားတဲ့ Kawlin info ရဲ့ တာဝန်ရှိသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
ဗုံးကြဲတိုက်ခိုက်မှုကြောင့် သေဆုံးသူရဲ့ အရေအတွက် ထပ်တိုးလာနိုင်ပြီး ဒဏ်ရာ ရသူတွေလည်း အများစု ရှိနေပြီးတော့ အရေအတွက် အတိအကျ မသိရသေးဘူးလို့ သူက ဆက်ပြောပါတယ်။
စစ်ကိုင်းတိုင်းအပါအဝင် နိုင်ငံတဝန်းမှာ ငလျင် လှုပ်ခတ်မှုကြောင့် လူ ထောင်နဲ့ချီသေဆုံးခဲ့ပြီးနောက် ရက်ပိုင်းအကြာမှာ စစ်တပ်ရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သားတွေ အစုလိုက် အပြုံလိုက် သေဆုံးခဲ့ရတာပဲ ဖြစ်ပါတယ်။
စစ်တပ်ဟာ ဧပြီ ၂ ရက်ကနေ ဧပြီ ၂၂ ရက်အထိ ၃ ပတ်ကြာ အပစ်ရပ်မယ်လို့ ကြေညာထားပေမဲ့ တော်လှန်ရေး အင်အားစုတွေထိန်းချုပ်ဒေသကို လေကြောင်းနဲ့ တိုက်ခိုက်တာ ထိုးစစ်ဆင်တာတွေ ပြုလုပ်နေပါတယ်။
ဝန်းသိုမြို့နယ် နမ်းခမ်းရွာကို လေကြောင်းအသုံးပြုကာ တိုက်ခိုက်ခဲ့တာနဲ့ ပတ်သက်ပြီး စစ်တပ်ဘက်က တစ်စုံတစ်ရာ တုန့်ပြန်ထားတာ မရှိသေးပါဘူး။