လွေးထွေး၊ ဧပြီ ၉ ရက်၊ တန့်ယန်း
စစ်ကောင်စီတပ် ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် တန့်ယန်းမြို့နယ်နဲ့ လားရှိုးမြို့နယ်ကြားက မိုင်းပတ်ရှိ စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်မှာ ဖြတ်သန်းသွားလာတဲ့ ကုန်တင်ယာဉ်တွေကို တာဝန်ကျ စစ်သားတွေက စစ်ဆေးမေးမြန်းပြီး ငွေကျပ် ၂ သိန်းကျပ်အထိ တောင်းနေတယ်လို့ တန့်ယန်းဒေသခံတစ်ဦးရဲ့ ပြောပြချက်အရ သိရပါတယ်။
တန့်ယန်းမြို့ကနေ မိုင် ၂၀ ဝန်းကျင် ဝေးတဲ့ အဲဒီဂိတ်မှာ စစ်ကောင်စီတပ်ရဲ့ ခြေလျင်တပ်ရင်း (ခလရ-၁၃၆) က စောင့်ကြပ်စစ်ဆေးနေတာဖြစ်ပြီး စစ်ဆေးမေးမြန်တာတွေဟာ အရင်ကတည်းက လုပ်ဆောင်နေပေမယ့် အခုလို ငွေတောင်းတာတော့ အခု ဧပြီလ ပထမအပတ်ကစပြီး တောင်းခံတာ ဖြစ်ပါတယ်။
တန့်ယန်း-လားရှိုးမှ ကုန်ကားသမားတစ်ဦးက “ခရီးသည်ကားတော့ တခါတလေ စစ်တာတော့ရှိပေမယ့် ငွေတောင်းတာတော့ မရှိဘူး။ ကုန်ကားတွေကိုတော့ တောင်းတယ်။ ကုန်တွေ ဖောက်စစ်တာတွေ ရှိတယ်။ မထင်ရင်မထင်သလို ပိုက်ဆံ ၁ သိန်း၊ ၂ သိန်း တောင်းတာလည်း ရှိတယ်” လို့ ဆိုပါတယ်။
တပ်ရင်းမှူးရဲ့ ခိုင်းစေမှုကြောင့် တပ်သားတွေ ငွေတောင်းရတာလို့ဆိုပြီး အခုကာလမှာ လူထုတွေက ဝမ်းရေးအတွက် ရုန်းကန်နေရချိန် ငဲ့ညာသောအားဖြင့် သက်ဆိုင်ရာ အရာရှိတွေက တာဝန်ယူဖြေရှင်းပေးဖို့ အထက်ပါ အမျိုးသားက တောင်းဆိုထားပါတယ်။
နောက်ထပ် တန့်ယန်းဒေသခံအမျိုးသမီးတစ်ဦးကလည်း “တန့်ယန်းနဲ့ လားရှိုးကြား စကစဂိတ် ၄ ခုလောက် ရှိတယ်။ တခါတလေ ဂိတ်တိုင်းတောင်းနေတာဘဲ။ အရင်ကတည်းက နာမည်ဆိုးနေတာကို။ ကားသမားတွေကတော့ ညည်းနေကြတာဘဲ။ ဒါပေမယ့် သူတို့က အမြဲတမ်းသွားလာနေရတော့ မပြောကြတာဘဲ ရှိမယ်” လို့ ပြောပါတယ်။
ဒါ့အပြင် တန့်ယန်းမြို့နယ်ရဲ့ အဝင်အထွက် နေရာတိုင်းမှာ စစ်ကောင်စီရဲ့ စစ်ဆေးရေးဂိတ်ရှိပြီး ဒေသခံနဲ့ ခရီးသွားလူထုတွေကို နေ့စဉ် စစ်ဆေးမေးမြန်းတာတွေ၊ ငွေတောင်းတာတွေ လုပ်ဆောင်နေတယ်လို့လည်း ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
အလားတူ စစ်ကောင်စီတပ် ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် မူဆယ်မြို့နယ်မှာလည်း လူထုတွေကို စစ်ဆေးဖမ်းဆီးတာတွေရှိပြီး ငွေတောင်းနေတာတွေလည်း ရှိနေပါတယ်။