အိုက်ပွီး၊ ဧပြီလ ၇ရက်၊ ဖလမ်း
ချင်းပြည်နယ်၊ ဖလမ်းမြို့တစ်ခုလုံးကို ချင်းညီနောင် ပူးပေါင်းအဖွဲ့က ဒီနေ့ ဧပြီလ ၇ရက်နေ့ မနက်မှာ သိမ်းပိုက်ရရှိထားပြီဖြစ်တယ်လို့ ရှေ့တန်းစစ်ရေးသတင်းအရင်းအမြစ်ဆီက သိရပါတယ်။
ဖလမ်းမြို့ကို ချင်းညီနောင်ပူးပေါင်းအဖွဲ့က ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလကတည်းက ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး ၅ လကျော်ကြာမှာ မြို့ကို သိမ်းပိုက်ရရှိတာဖြစ်ပါတယ်။
“အဓိက စကစ လက်ကျန် စခန်းကုန်းပေါ့။ ခလရ ၂၆၈ တပ်ရင်းကို ဒီမနက်မှာပဲ သိမ်းပိုက်ရရှိတာပါ။ ဆိုတော့ ဖလမ်းမြို့တစ်ခုလုံး သိမ်းပိုက်ရရှိထားတဲ့ အနေထားမှာရှိပါတယ်။”လို့ ရှေ့တန်းစစ်ရေးသတင်းအရင်းအမြစ်က ရွှေဖီမြေသို့ ပြောပါတယ်။
လက်ရှိမှာ စခန်းစွန့်ခွာထွက်ပြေးနေတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေကို လိုက်လံဖမ်းဆီးနေသလို လက်နက်ခဲယမ်းနဲ့စစ်သုံ့ပန်းတွေကိုလည်း ဖမ်းဆီးသိမ်းဆည်းရမိတယ်လို့ ဆိုပါတယ်။
ဖလမ်းမြို့မှာ တိုက်ပွဲအချို့ရှိနေသေးကြောင့် မကြာခင် မြို့သိမ်းတိုက်ပွဲ အခြေအနေ အသေးစိတ် ထုတ်ပြန်သွားမယ်လို့ ချင်းညီနောင်အဖွဲ့ဝင် ချင်းအမျိုးသားကာကွယ်ရေးတပ် CNDF တာဝန်ရှိသူတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။
ဖလမ်းမြို့ဟာ ချင်းပြည်နယ်မြောက်ပိုင်းမှာ တည်ရှိပြီး မြို့တော်ဟားခါးနဲ့လည်း နယ်မြေချင်း ထိစပ်နေတဲ့မြို့ဖြစ်ပါတယ်။
ဒါ့အပြင် ချင်းညီနောင်ရဲ့ စတုတ္ထမြောက် သိမ်းပိုက်ရရှိထားတဲ့မြို့လည်းဖြစ်ပါတယ်။
လက်ရှိ ချင်းပြည်နယ်မှာ ဟားခါး၊ တီးတိန်နဲ့ ထန်တလန်စတဲ့သုံးမြို့တည်းသာ သိမ်းပိုက်ရန် ကျန်ရှိတော့ပြီး ဟားခါးနဲ့ ထန်တလန် နှစ်မြို့တည်းသာ စစ်ကောင်စီ အုပ်ချုပ်ရေးယန္တယားလှည်ပတ်နိုင်ပါတယ်။