ရွှေဖီမြေ၊ ဧပြီ ၇ ရက်
ကရင်အမျိုးသားအစည်းအရုံ(KNU) ကော်သူလေးအုပ်ချုပ်နယ်မြေ မူတြော်(ဖာဖွန်)ခရိုင်၊ ဒွယ်လိုးမြို့နယ်မှာ စစ်ကောင်စီတပ်က လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ကလေးငယ် ၂ ဦး သေဆုံးခဲ့ပြီး ဒေသခံ ၃ ဦး ဒဏ်ရာရခဲ့တယ်လို့ KNU က ဒီနေ့ ဧပြီ ၇ ရက်နေ့လည်မှာ ထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ ဧပြီလ ၂ ရက် ညနေ ၄ နာရီခွဲဝန်းကျင်မှာ လေကြောင်းနဲ့ ဗုံးသီး ၃ လုံးကြဲချခဲ့လို့ နဲကကျေးရွာက အသက် ၃ လသားအရွယ် စောခင်မောင်လွင်နဲ့အသက် ၁၂ နှစ်အရွယ် နော်ဝါစိုဖောတို့ ဗုံးစထိမှန် သေဆုံးခဲ့တာဖြစ်လို့ ဆိုပါတယ်။
ဒါ့အပြင် လေကြောင်းတိုက်ခိုက်မှုကြောင့် အသက် ၁၀ နှစ်အရွယ် နော်သောရီဖော၊ အသက် ၅၄ နှစ်အရွယ် စောမင်း နဲ့ အသက် ၅၀ အရွယ် နော်မူဆိ တို့ ထိမှန်ဒဏ်ရာရခဲ့ပြီး နေအိမ် ၂ လုံးထိမှန်ပျက်စီးခဲ့တယ်လို့လည်း ဖော်ပြထားပါတယ်။
အလားတူ ဧပြီ ၃ ရက် မနက် ၁၁ နာရီဝန်းကျင်မှာလည်း စစ်ကောင်စီရဲ့ ခြေမြန်တပ်ရင်း (ခမရ ၃၅၁)ဟာ ဟောခို့ဂေါ် (ငထွေစုပ်) ကျေးရွာထဲကို လက်နက်ကြီးနဲပစ်ခတ်ခဲ့လို့ ငထွေစုပ်ကျေးရွာက အသက် ၂၄ နှစ်အရွယ် နော်ခူခူ ထိမှန်ဒဏ်ရာရခဲ့ပြီး နေအိမ် ၂ လုံးထိခိုက်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်ဟာ ငလျင်ဘေးကူညီကယ်ဆယ်ရေးနဲ့ ပြန်လည် ထူထောင်ရေးလုပ်ငန်းတွေကို ဆောင်ရွက်နိုင်ဖို့ ၂၀၂၅ ခုနှစ်၊ ဧပြီ ၂ ရက်ကနေ ၂၂ ရက်အထိ ရက် ၂၀ ကြာ ယာယီပစ်ခတ်တိုက်ခိုက်မှုရပ်မယ်လို့ ထုတ်ပြန်ထားပေမယ့် တိုင်းသားလက်ကိုင်တွေ ထိန်းချုပ်ထားတဲ့နယ်မြေတွေကို လေကြောင်းကနေဗုံးကြဲတာနဲ့ မြေပြင်ထိုးစစ်ဆင်နေတာတွေ ဆက်တိုက်ပြုလုပိနေတယ်လို့ တော်လှန်ရေးတပ်တွေဘက်က ထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီတပ်ဟာ နိုင်ငံတဝန်းမှာ လေကြောင်းနဲ့တိုက်ခိုက်တာ ထိုးစစ်ဆင်တာတွေ ပြုလုပ်နေပေမယ့် စစ်ကောင်စီတပ်ရဲ့ ပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ အပစ်ရပ်ပြီးနောက် တိုင်းရင်း သားလက်နက်ကိုင်တွေအပါဝင် ပြည်သူ့ကာကွယ်ရေးတပ်-PDF တွေဟာ စစ်ကောင်စီတပ်စခန်းတွေကို တိုက်ခိုက်မှုတွေ ပြုလုပ်နေတယ်လို့ စွပ်စွဲပြောဆိုထားပါတယ်။