လွေးလာဝ်ဇာရ်၊ ဧပြီ ၆ ရက်၊ ညောင်ရွှေ
ရှမ်းတောင် ညောင်ရွှေမြို့နယ် အင်းလေးတောင်ဘက်ခြမ်းရှိ ရေပူကျေးရွာမှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်နဲ့ ပအိုဝ်းပြည်သူ့စစ်- PNO/PNA က ဒရုန်းနဲ့လက်နက်ကြီး ပစ်ခတ်ခဲ့တယ်လို့ အင်းလေးဒေသ လူ့အခွင့်အရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။
ဖြစ်စဉ်ဟာ မနေ့ ဧပြီ ၅ ရက် မနက် ၆ နာရီကနေ ညနေ ၅ နာရီခွဲအထိ တစ်နေကုန် ဒရုန်းနဲ့လက်နက်ကြီး အလုံး ၃၀ ကျော် ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။
အင်းလေးဒေသ လူ့အခွင့်အရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက “လူထိခိုက်မှုတော့ မရှိဘူး။ နေအိမ်တွေတော့ ပျက်စီးတာ ရှိတယ်” လို့ ဆိုပါတယ်။
ဒရုန်းနဲ့ လက်နက်ကြီး ပစ်ခတ်တဲ့အချိန်မှာ လူထိခိုက်မှု မရှိပေမဲ့ နေအိမ် ၂ လုံး မီးလောင်ပျက်စီးသွားတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ရေပူကျေးရွာကို စစ်တပ်နဲ့ PNO က ဒရုန်းအသုံးပြုပြီး ဗုံးကြဲတိုက်ခိုက်တာဟာ ဒီတစ်ကြိမ်နဲ့ဆို နှစ်ကြိမ် ရှိပြီလို့ သိရပါတယ်။
အလားတူ ပြီးခဲ့တဲ့ မတ်လ ၃၁ ရက်မှာလည်း ရေပူကျေးရွာထဲ စစ်တပ်နဲ့ PNO က ဒရုန်း အသုံးပြုပြီး ဗုံး ၈ လုံး ကြဲချခဲ့တာကြောင့် နေအိမ်တချို့ ထိခိုက်ပျက်စီးခဲ့ပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၃၀ ရက်ကလည်း ညောင်ရွှေမြို့နယ် အင်းလေးတောင်ခြမ်းဘက်ရှိ ဘုရားတောင်ရွာကို စစ်တပ်နဲ့ PNO က လက်နက်ကြီး ၆ ကြိမ်ထက်မနည်း ပစ်ခတ်တိုက်ခိုက်လို့ နေအိမ်တစ်လုံး ထိခိုက်ပျက်စီးခဲ့ပါတယ်။