မိုင်းရူပ၊ ဧပြီ ၄ ရက်၊ စစ်ကိုင်း
စစ်ကိုင်းတိုင်း စစ်ကိုင်းမြို့နယ် မင်းကွန်းတောင်ရိုးမှာ ငလျင်ကြောင့် ဂူထဲ ပိတ်မိနေတဲ့ သံဃာတော် ၃ ပါးရဲ့ ရုပ်အလောင်းကို သံဃာတော်နဲ့ ဒေသခံတွေ ပူးပေါင်းပြီး ကိုယ်ထူကိုယ်ထ တူးထုတ်နိုင်ခဲ့တယ်လို့ မင်းကွန်းတောင်ရိုးရှိ ဘုန်ကြီးတစ်ပါးက ရွှေဖီမြေကို မိန့်ပါတယ်။
မင်းကွန်းတောင်ရိုးရှိ ငလျင်ကြောင့် လှိုဏ်ဂူပြိုကျပြီး လှိုဏ်ဂူထဲ ပိတ်မိနေတဲ့ ကိုရင် ၁ ပါးနဲ့ ဘုန်းကြီး ၂ ပါးရဲ့ ရုပ်ကလာပ်ကို မနေ့ ဧပြီ ၃ ရက်မှာ ကယ်ထုတ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။
“မနေ့ နောက်ဆုံး ၁ လောင်းကို ထုတ်နိုင်ခဲ့တယ်။ ကိုယ်ထူကိုယ်ထနဲ့ တူးထုတ်ရတာ။ ဘာအကူအညီမှ မလာသေးဘူး” လို့ မင်းကွန်းတောင်ရိုးရှိ ဘုန်းကြီးတစ်ပါးက ရွှေဖီမြေကို မိန့်ပါတယ်။
မင်းကွန်းတောင်ရိုးမှာ ငလျင်ဒဏ်ကြောင့် ဘုန်ကြီးကျောင်းအပါအဝင် နေအိမ်အများစု ပျက်စီးပြီး လက်ရှိမှာ ဘုန်ကြီးနဲ့ ဒေသခံတွေက သစ်ပင်အောက်မှာ ခိုလှုံနေကြရပြီးတော့ သောက်သုံးရေနဲ့ အစားအသောက် လိုအပ်နေတယ်လို့ ဆိုပါတယ်။
“သောက်ရေ၊ အစားအသောက်တွေ အဓိက လိုအပ်နေတယ်။ အကူအညီတွေလည်း မရောက်နိုင်သေးဘူး။ သစ်ပင်အောက်မှာ ဖြစ်သလို နေ နေရတယ်” လို့ ဆရာတော်က ဆက်မိန့်ပါတယ်။
မတ်လ ၂၈ ရက်မှာ ပြင်းအား ၇.၇ အဆင့်ရှိတဲ့ ငလျင် လှုပ်ခတ်မှုကြောင့် စစ်ကိုင်း၊ မန္တလေး၊ နေပြည်တော်နဲ့ ရှမ်းတောင်မှာ သေဆုံး ဒဏ်ရာရသူ များပြီး အထင်ကရ နေရာတွေအပါအဝင် အဆောက်အဦးအများစုလည်း ထိခိုက်ပျက်စီးခဲ့ပါတယ်။
ငလျင်ဒဏ်ကြောင့် စစ်ကိုင်းမြို့နယ်မှာ သေဆုံးသူ ၄၀၀ ကျော်နဲ့ ဒဏ်ရာသူ ၁ ဆထာင်ကျော် ရှိကြောင်း လူမှုကူညီရေးအသင်းတွေရဲ့ စာရင်းအရ သိရပါတယ်။
ဒီနေ့ ဧပြီ ၄ ရက်အထိ စစ်ကောင်စီရဲ့ စာရင်းအရ နိုင်ငံတစ်ဝန်းမှာ ငလျင်ကြောင့် သေဆုံးသူ ၃,၁၄၅ ဦးနဲ့ ဒဏ်ရာရသူ ၄,၅၈၉ ဦးရှိပြီး ပျောက်ဆုံးနေသူ ၂၂၁ ဦး ရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။