ဓာတ်ပုံ- Local

ရွှေဖီမြေ၊ ဧပြီ ၄ ရက်

ကရင်အမျိုးသား အစည်းအရုံး- KNU ထိန်းချုပ်နယ်မြေ ခလယ်လွီထူ(ညောင်လေးပင်)ခရိုင် မူး(မုန်း)မြို့နယ်မှာ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ ဒေသခံတစ်ဦး ထိမှန်ဒဏ်ရာ ရခဲ့တယ်လို့ KNU က ဒီနေ့ ဧပြီ ၄ ရက်မှာ ထုတ်ပြန်ထားပါတယ်။

မနေ့ ဧပြီ ၃ ရက် မနက် ၁၁ နာရီဝန်းကျင်မှာ စစ်ကောင်စီရဲ့ ခြေမြန်တပ်ရင်း (ခမရ ၃၅၁)ဟာ ဟောခို့ဂေါ် (ငထွေစုပ်)ရွာထဲ လက်နက်ကြီး ပစ်ခတ်ခဲ့​လို့ ငထွေစုပ်ရွာက ၂၄ နှစ်အရွယ် နော်ခူခူ ထိမှန်ဒဏ်ရာ ရခဲ့ပြီး နေအိမ် ၂ လုံး ထိခိုက်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

အလားတူ ပြီးခဲ့တဲ့ ဧပြီ ၂ ရက် ညနေ ၅ နာရီမှာလည်း စစ်ကောင်စီရဲ့ ခြေမြန်တပ်ရင်း (ခမရ ၃၅၀၊ ၄၄၀)တို့က ဆောထိ(ရွှေကျင်) မြို့နယ် ညောင်ခြေထောက်ရွာကို ၈၁ မမ လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် ဒေသခံတွေရဲ့ နေအိမ်တချို့ ထိခိုက်ပျက်စီးခဲ့တယ်လို့​ ဖော်ပြထားပေမဲ့ အရေအတွက် အတိအကျကိုတော့ ဖော်ပြထားတာ မရှိပါဘူး။

ငလျင်ဘေး ကူညီကယ်ဆယ်ရေးနဲ့ ပြန်လည် ထူထောင်ရေးလုပ်ငန်းတွေကို ဆောင်ရွက်နိုင်ဖို့ ဧပြီ ၂ ရက်ကနေ ၂၂ ရက်အထိ ရက် ၂၀ ကြာ ယာယီ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲသွားမယ်လို့ စစ်ကောင်စီက ဧပြီ ၂ ရက်မှာ ထုတ်ပြန်ထားပါတယ်။

စစ်တပ်က အပစ်ရပ်မယ်လို့ ကြေညာထားပေမဲ့ စစ်ကိုင်းတိုင်း၊ ရှမ်းမြောက်၊ ကချင်ပြည်နယ်နဲ့ KNU ထိန်းချုပ်နယ်မြေတွေမှာ လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်တာအပြင် လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေ ရှိသလို မြေပြင်ထိုးစစ်ဆင်နေတာလည်း လုပ်နေတယ်လို့ သိရပါတယ်။

မနေ့ ဧပြီ ၃ ရက် မနက်ပိုင်းကစပြီး ဝိုင်းမော်အနီး လုမြန်နဲ့ စန်းကားရွာဘက်ရှိ KIA တပ်စခန်းကို စစ်တပ်ဘက်က စစ်ကြောင်း ထိုးလာလို့ တိုက်ပွဲ ပြင်းထန်သလို နောင်ချိုမြို့နယ် တောင်းခမ်းနဲ့ မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ်မှာလည်း စစ်တပ်နဲ့ တော်လှန်ရေးတပ်တို့ တိုက်ပွဲ ဆက်ဖြစ်နေတယ်လို့ ဒေသခံအပြင် ရှေ့တန်းနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တွေဆီက သိရပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

You May Also Like

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

ကိုးကန့်တပ် ထိန်းချုပ်ဒေသမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်ဝိုင်ဖိုင်တွေ ပိုအသုံးပြုလာ

ကိုးကန့်တပ်- MNDAA ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်အင်တာနက်လိုင်းတွေ အသုံးပြုလို့ ပိုအဆင်ပြေတာကြောင့် မြန်မာဆင်းကတ်အစား တရုတ်ဆင်းကတ်တွေကို ပိုအသုံးပြုလာနေကြတယ်လို့ ရွှေဖီမြေက စုံစမ်းသိရပါတယ်။

မင်္ဂလာဆောင်အတွက် တင်တောင်းဖို့သွားတဲ့ မိုင်းငေါ့ဒေသခံ ၂ ဦး နောင်ချိုမှာ ၂ လကြာ ပျောက်ဆုံးနေ

တအာင်းတပ် ထိန်းချုပ်ရာ ကျောက်မဲမြို့နယ် မိုင်းငေါ့ဒေသခံ ၂ ဦးက မင်္ဂလာဆောင်အတွက် တင်တောင်းဖို့ နောင်ချိုဘက် သွားရာကနေ ပျောက်ဆုံးနေပြီး ၂ လ ကြာတဲ့အထိ အဆက်အသွယ် မရသေးကြောင်း မိသားစုဝင်ရဲ့ ပြောပြချက်အရ သိရပါတယ်။