ရွှေဖီမြေ၊ ဧပြီ ၂ ရက်
မြန်မာနိုင်ငံက ငလျင်ဘေးသင့်နေသူတွေကို ကူညီဖို့ ထောက်ပံ့ရေးပစ္စည်း သယ်ဆောင်လာတဲ့ တရုတ်နိုင်ငံ ကြက်ခြေနီအသင်းမှ ယာဉ်တန်း ၉ စီးကို သေနတ်နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာ မှန်ကန်ကြောင်း စစ်ကောင်စီတပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းက ဝန်ခံထားပါတယ်။
မနေ့ ဧပြီ ၁ ရက် ည ၉ နာရီခွဲမှာ တရုတ်နိုင်ငံကြက်ခြေနီအသင်းဟာ မန္တလေးမြို့က ငလျင်ဘေးသင့်သူတွေအတွက် ထောက်ပံ့ဖို့ သွားနေချိန် နောင်ချိုမြို့နယ် အုမ္မတီးရွာမှာ စစ်တပ်က စောင့်ပြီး ပစ်ခတ်ခဲ့တာလို့ တအာင်းတပ်- TNLA ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
တရုတ်နိုင်ငံ ကြက်ခြေနီအသင်းဟာ အကြောင်းကြားတာမရှိဘဲ ဝင်လာတာဖြစ်ပြီး အုမ္မတီးရွာမှာရှိတဲ့ စစ်တပ်က စစ်ဆေးဖို့ တားရာမှာ မရပ်တာကြောင့် ပစ်ခတ်ခဲ့တာဖြစ်တယ်လို့ ဗိုလ်ချုပ် ဇော်မင်းထွန်းက ဒီနေ့ ဧပြီ ၂ ရက်မှာ ၎င်းတို့ရဲ့ လက်အောက်ခံ မီဒီယာတွေမှာ ဖြေကြားထားပါတယ်။
ကြက်ခြေနီအသင်းဟာ မန္တလေးမြို့ဘက် ခရီးဆက်သွားမယ်ဆိုတဲ့အကြောင်းကိုလည်း စစ်ကောင်စီထံ သတင်းပေးပို့ခဲ့တယ်လို့ TNLA ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
လမ်းခရီးမှာ ပစ်ခတ်ခံခဲ့ရပြီးနောက် တရုတ်နိုင်ငံ ကြက်ခြေနီအသင်းက နောင်ချိုဘက် ပြန်လည် ဆုတ်ခွာလာခဲ့ပြီး ၎င်းတို့ကို TNLA တပ်က ကာကွယ်စောင့်ရှောက်ပေးထားပြီးတော့ လိုရာခရီးသို့ ဆက်လက် ပို့ဆောင်ပေးသွားမယ်လို့ TNLA က ပြောဆိုထားပါတယ်။