မြတ်နိုး၊ ဧပြီ ၁ ရက်၊ လိုင်ဇာ
ကချင်ပြည်နယ် လိုင်ဇာအနီး ဂျဲယန် စစ်ရှောင်စခန်းက ကျောင်းသူ ၃ ယောက်ကို ပြန်ပေးဆွဲပြီး နှိပ်စက်သတ်ဖြတ်ခဲ့တဲ့ တရားခံကို မတ်လ ၂၉ ရက်က သေဒဏ် ချမှတ်ခဲ့ကြောင်း ဒေသခံတွေဆီက သိရပါတယ်။
“ဂျဲယန် စစ်ရှောင်စခန်းက ကျောင်းသူလေး ၃ ယောက်ကို ပြန်ပေးဆွဲ နှိပ်စက်သတ်ဖြတ်ခဲ့တဲ့ တရားခံကို ထောင်ဒဏ် အနှစ် ၃၀ အပါအဝင် သေဒဏ် ချမှတ်လိုက်ပြီလို့ သိရတယ်” လို့ ဒေသခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။
“တရားခံရဲ့ ပြဿနာက များတယ်။ အရင်ကလည်း လိမ်လည်တာတွေ၊ KIA ရဲဘော်တွေရဲ့ သေနတ်တွေ ခိုးရောင်းတာတွေ ကျူးလွန်ခဲ့ဖူးတယ်။ အဲဒီနောက်တော့ ကလေး ၃ ယောက်ကို ပြန်သတ်ပစ်တယ်” လို့ ဒေသခံ အမျိုးသားတစ်ဦးကလည်း ပြောပါတယ်။
လူကိုသတ်ရန် ခိုးယူမှု သို့တည်းမဟုတ် သွေးဆောင်ဆွဲခေါ်မှု ပုဒ်မ ၃၆၄ အရ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၁၀ နှစ်၊ သက်ငယ်မုဒိန်းမှု ပုဒ်မ ၃၇၆ အရ ထောင်ဒဏ် အနှစ် ၂၀ နဲ့ လူသတ်မှု ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၃၀၂ အရ သေဒဏ် ချမှတ်ခဲ့ကြောင်း သိရပါတယ်။
တရားခံ အုန်းဆောင်းဝ် ဒွဲအောင်က ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၂ ရက်က လိုင်ဇာမြို့အနီး ဂျဲယန် စစ်ရှောင်စခန်းက အသက် ၁၀ နှစ်ခန့်အရွယ် ကျောင်းသူ ၃ ဦးကို ပြန်ပေးဆွဲပြီး နှိပ်စက် သတ်ဖြတ်ခဲ့ရာ ဖေဖော်ဝါရီ ၂၅ ရက်မှာ ကချင်တပ်မတော်- KIO/KIA ရဲ့ သက်ဆိုင်ရာဌာနက ဖမ်းဆီးအရေးယူခဲ့တာပဲ ဖြစ်ပါတယ်။