ပို့လဘား၊ မတ်လ ၃၁ ရက်၊ ကလော
ရှမ်းတောင် ကလောမြို့နယ်ထဲက ကျေးရွာတချို့မှာ ငလျင်ကြောင့် နေအိမ် ၂၀၀ ကျော် ပျက်စီးခဲ့ပြီး အကူအညီ လိုအပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
နေအိမ် ထိခိုက်ပျက်စီးသွားတဲ့ ဒေသခံတွေဟာ နီးစပ်ရာ ဘုန်းကြီးကျောင်းမှာ သွားရောက် ခိုလှုံနေကြရပြီး အကူအညီ လိုအပ်နေတယ်လို့ ပြောပါတယ်။
“ပိန္နဲပင်ရွာ၊ စေတီကုန်းရွာ၊ တောင်ပဲ့ရွာ၊ ရွှေမင်းဘုန်းစေတီ အကုန်ထိတယ်။ ဘုန်းကြီးတစ်ပါး ထိတယ်လို့ ကြားတယ်။ ကျမတို့ရွာဆို တစ်ရွာလုံး ပြိုကျတယ်။ မပြိုတဲ့အိမ်က ၆ အိမ်ပဲ ကျန်တော့တယ်။ ဖုန်းလိုင်း မရတော့ လာကူပေးသူလည်း မရှိဘူး” လို့ ကလောမှ အမျိုးသမီးတစ်ဦးက ပြောပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၂၈ ရက်က မန္တလေးမြို့ အရှေ့မြောက်ဘက် ၂၀ ကီလိုမီတာခန့်အကွာကို ဗဟိုပြုပြီး လှုပ်ခတ်ခဲ့တဲ့ ငလျင်ဟာ ပြင်းအား ၇.၇ အဆင့်ရှိပြီး မန္တလေး၊ စစ်ကိုင်း၊ နေပြည်တော်နဲ့ ရှမ်းတောင်တွေမှာ သေဆုံးသူနဲ့ ဒဏ်ရာရသူ များခဲ့ပါတယ်။
ငလျင်ကြောင့် တစ်နိုင်ငံလုံး အတိုင်းအတာအနေနဲ့ သေဆုံးသူ ၁,၇၀၀ ကျော်နဲ့ ဒဏ်ရာရသူ ၃,၄၀၀ ကျော် ရှိတယ်လို့ စစ်ကောင်စီရဲ့ မနေ့ မတ်လ ၃၀ ရက်အထိ စာရင်းအရ သိရပါတယ်။